မူလ / ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရစီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနသတင်းထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရစီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနသတင်းထုတ်ပြန်ကြေညာချက်

ပြည်ထောင်စု လွှတ်တော် ကိုယ်စား ပြုကော်မတီ (CRPH) သည် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၀ ရက် နေ့ စွဲ ဖြင့်၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ ကို အတည်ပြု ပြဌာန်းခဲ့ပါသည်။ ၂၀၂၁-၂၂ ဘဏ္ဍာ နှစ် အတွက် အဆိုပါ အခွန်အကောက် ဥပဒေ၏ ထူးခြားသော ပြဌာန်းချက်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

 ရရှိလာသည့် အခွန်ဘဏ္ဍာငွေများအား လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအထောက်အပံ့ ပေးရေး နှင့် ကျန်းမာရေး၊ ပညာရေး ဆိုင်ရာ အသုံးစရိတ်အများအတွက် ဦးစားပေးသုံးစွဲရန် ပြဌာန်းချက် (ဥပဒေပုဒ်မ-၃၀) o အခွန်ထမ်းပြည်သူများ လိုလားကြည်ဖြူစွာ ထမ်းဆောင်ထားသည့် အခွန်ဘဏ္ဍာငွေများကို နိုင်ငံတော် အာဏာအား မတရားသဖြင့်လုယူထားသည့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များနှင့် ကိုဗစ်ကပ်ဘေး ရောဂါကြောင့် ဆိုးရွားစွာထိခိုက်ခံစားနေရသည့် ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေး နှင့် လူသားချင်း စာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများအတွက် ဦးစားပေးသုံးစွဲရမည်ဟု ပုဒ်မ ၃၀ တွင် အတိအလင်းပြဌာန်းထားပါသည်။

 ကုန်သွယ်လုပ်ငန်းခွန် တစ်နှစ်တာကင်းလွတ်ခွင့်ပြုသည့် ပြဌာန်းချက် (ဥပဒေပုဒ်မ-၁၄)o ကုန်သွယ်လုပ်ငန်းခွန်ကို ယခုအခွန်နှစ်အတွက် ကင်းလွတ်ခွင့်ပြုလိုက်ပါသည်။ အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီ၏ အဆင်အခြင်မဲ့မှု၊ တာဝန်မဲ့မှုနှင့် စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းမှု များကြောင့် အတိဒုက္ခရောက်နေရသည့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြုပ်နှံသူများအတွက် အကူအညီ အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ကုန်သွယ်လုပ်ငန်းခွန် တစ်နှစ်တာကင်းလွတ်ခွင့်အား ပုဒ်မ ၁၄ တွင် ပြဌာန်းထားပါသည်။ ထို့အပြင် ပြည်သူလူထု၏ နေ့စဉ်ဝယ်ယူစားသုံးမှုအပေါ် ကျသင့်လျက်ရှိပြီး ဝန်ပိနေသည့် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းအားလည်း ကင်းလွတ်ခွင့်ပြုထားပါသည်။

 လခစားအခွန်ထမ်းပြည်သူများ၏ အခြေခံအခွန်ကင်းလွတ်ခွင့် ဝင်ငွေပမာဏအား တိုးမြှင့် သတ်မှတ်သည့် ပြဌာန်းချက် (ဥပဒေပုဒ်မ- ၁၅-က၊ ၁၅-ခ) o လခစားအခွန်ထမ်းပြည်သူများ၏ သက်သာချောင်ချိရေးကို ဦးတည်လျက် ပုဒ်မ ၁၅ (က) နှင့် ၁၅ (ခ) တွင် လစာဝင်ငွေအပေါ် ပေးဆောင်ရသည့် ဝင်ငွေခွန် ကင်းလွတ်ခွင့်အား ယခင်နှစ်များတွင် ငွေကျပ် ၄၈ သိန်းအထိ ကင်းလွတ်ခွင့်ပြုခဲ့ရာမှ ယခုနှစ်တွင် ငွေကျပ် ၁၂၀ သိန်းအထိ တိုးမြှင့်သတ်မှတ်၍ ကင်းလွတ်ခွင့် ပြဌာန်းထားပါသည်။ မည်သူမဆို တစ်နှစ်လစာဝင်ငွေ သိန်း ၁၂၀ ရရှိခြင်း အတွက် ဝင်ငွေခွန်ပေးဆောင်ရန် မလိုတော့ပါ။ ဤပြင်ဆင်ချက်သည် အခြေခံ နှင့် အလယ်အလတ် လခစားအခွန်ထမ်းသူများ အတွက် ထောက်ပံ့မှု ဖြစ်စေပါသည်။

 စီးပွားရေးလုပ်ငန်းများအပေါ် ကျသင့်သည့် ဝင်ငွေခွန် သက်သာစေရန် ဝင်ငွေခွန်အလွှာ များအား ပြင်ဆင်သတ်မှတ်သည့် ပြဌာန်းချက် (ဥပဒေပုဒ်မ ၁၅-ဂ)o ဝင်ငွေခွန်အလွှာ များအား ပိုမိုရိုးရှင်းကျစ်လစ်စေရန် မူလ ၆ လွှာ မှ ၄ လွှာသို့ ပြောင်းလဲခဲ့ ပါသည်။ စီးပွားရေးလုပ်ငန်းများအပေါ် ဝင်ငွေခွန်အမြင့်ဆုံး ယခင်၂၅ ရာခိုင်နှုန်းကျသင့်လျက်ရှိရာမှ ယခု ၁၅ ရာခိုင်နှုန်း အထိ လျော့ချပေးထားပါသည်။ ထိုကဲ့သို့ ပြင်ဆင်လျော့ချခြင်းသည် နိုင်ငံ၏ စီးပွားရေးအား ပြန်လည်တည်ဆောက် သည့်အခါ အဓိကကျသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင်သူများ၊ ဓနဖန်တီးသူများနှင့် နိုင်ငံတကာရောက်မြန်မာများ၏ အကူအညီ အထောက် အပံ့ကို အသိအမှတ်ပြုခြင်း ဖြစ်ပါသည်။

 အခွန်အထူးသက်သာလွတ်ငြိမ်းခွင့် ပေးအပ်ထားသည့်ပုဒ်မအား ပယ်ဖျက်ရသည့် အကြောင်းအရင်း (ယခင်ဥပဒေ ပုဒ်မ-၂၅)o အခွန်အထူးသက်သာလွတ်ငြိမ်းခွင့် နှင့်သက်ဆိုင်သည့်ပုဒ်မအား ပယ်ဖျက်လိုက် ပါသည်။ အမျိုးသားညီညွတ်ရေး အစိုးရ အနေဖြင့် ပွင့်လင်း မြင်သာသော၊ စစ်‌ဆေးခံနိုင်သော ဝင်ငွေများကိုသာ အသိအမှတ်ပြုမည်ဖြစ်ပါသည်။ ယခင် အခွန်အကောက် ဥပဒေများတွင် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေများအား ၆ ရာခိုင်နှုန်း မှ ၃၀ ရာခိုင်နှုန်းအထိ အခွန်ပေးဆောင်စေခြင်းဖြင့် တရားဝင် ဝင်ငွေအဖြစ် အထူးအခွင့်အရေးတစ်ရပ် ခွင့်ပြုခဲ့ကြ ပါသည်။ ထိုကဲ့သို့ ဥပဒေနှင့်ညီညွတ်မှု အားနည်းသည့် ဝင်ငွေများအား တရားဝင်စေရန် ဥပဒေအရ အထူး အခွင့်အရေး ပေးအပ် ထားခြင်းသည် မသင့်လျော်တော့သည့်အတွက် သက်ဆိုင်ရာပုဒ်မအား ပယ်ဖျက်လိုက်ပါသည်။

 သစ်လုံး၊ သစ်ခွဲသားများနှင့် ကျောက်မျက်ရတနာအရိုင်းထည်များ ပြည်ပသို့ တင်ပို့ခြင်းဆိုင်ရာ ပုဒ်မများအား ပယ်ဖျက်ရသည့် အကြောင်းအရင်း ( ယခင်ဥပဒေပုဒ်မ- ၁၁-ခ၊ ၃၃-ခ-၁၊ ၃၃-ခ-၂ )o အမျိုးသားညီညွတ်ရေး အစိုးရ သည် သစ်လုံး၊ သစ်နှင့် ဆိုင်သော ထုတ်ကုန်များ နှင့် ကျောက်မျက်ရတနာများ ပြည်ပသို့ တင်ပို့ခြင်းကို တားမြစ်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ထုတ်ကုန် ပစ္စည်းများ သည် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတခု၏ မူဝါဒများ အပေါ် အခြေခံသော အမျိုးသားအဆင့် အခွန်မူဝါဒများ အရသာ ဆန်းစစ်ခွင့်ပြုနိုင်မည် ဖြစ်ပါသည်။ မိမိတို့ အစိုးရ အနေဖြင့် ဒေသခံပြည်သူ တို့၏ သဘောထား မပါသော ဆုံးဖြတ်ချက်များကို လက်ခံအတည်ပြု ရန် မဖြစ်နိုင်ပါ။ သို့ဖြစ်ပါ၍ အဆိုပါ ထုတ်ကုန် များနှင့် စပ်လျဉ်း၍ အခွန်အကောက်ဥပဒေတွင် ပါဝင်ရန် မသင့်လျော် သောကြောင့် ပယ်ဖျက်ထားခြင်းဖြစ်ပါသည်။

 မိမိကိုယ်တိုင် အကဲဖြတ်တွက်ချက် အဆိုပြု၍ အခွန်ဆောင်နိုင်မည့် လုပ်ငန်းစဉ် နှင့် အကျိုးကျေးဇူးများo မြန်မာ ပြည်တွင်း နှင့် ပြည်ပ ရှိ အခွန်ထမ်း ပြည်သူများ အနေဖြင့် မိမိတို့ ပေးဆောင်ရမည်ဖြစ်သော အခွန်ငွေအား မိမိကိုယ်တိုင် ချင့်ချိန်တွက်ချက်၍ လုံခြုံစိတ်ချရသော Online Platform မှ တဆင့် ပေးဆောင်သွားရမည် ဖြစ်ပါသည်။ အခွန်ငွေပေးဆောင် ပြီးသည့်အခါ အခွန်ထမ်းသူ တစ်ဦးတည်းကသာ သိရှိနိုင်သော Unique Identification Number (UID) နှင့်တကွ မှတ်တမ်းတင်ဂုဏ်ပြုလွှာကို ပေးပို့သွားမည်ဖြစ်ပါသည်။ တော်လှန်ရေးအောင်မြင်ပြီးနောက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်သည့် ကာလတွင် အခွန်ထမ်းဆောင်ထားသော ပြည်သူများ အနေဖြင့် မိမိတို့လက်ဝယ်ရှိ UID ကို ကိုးကားကာ အခွန်အထူးကင်းလွတ်ခွင့်များကို ရယူနိုင်မည် ဖြစ်ပါသည်။ အစိုးရအနေဖြင့် အခွန်ထမ်းပြည်သူ များ၏ တော်လှန်ရေး ကာလ တာဝန်သိ မှုနှင့် နိုင်ငံသားပီသမှုကို အသိအမှတ်ပြု၍ အဆိုပါအခွန်ထမ်း ပြည်သူများ၏ အကျိုးစီးပွားအား အထူးတန်ဖိုးထား ဦးစားပေးသွားမည် ဖြစ်ပါသည်။

 အခွန်ထမ်းဆောင်လိုသည့် ပြည်သူများအနေဖြင့် အောက်ဖော်ပြပါ website မှတဆင့် အခွန် ပေးဆောင်နိုင်ပြီ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ird.nug-mm.net

class=wp-image-1751/
class=wp-image-1752/
class=wp-image-1753/
class=wp-image-1754/
class=wp-image-1756/
Scroll to Top