မူလ / စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းအား အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့မှုနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းအား အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့မှုနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်း ကိုယ်ထူကိုယ်ထ စာသင်ကျောင်းအား အကြမ်းဖက်စစ်တပ်က ဟယ်လီကော်ပတာ ရဟတ်ယာဉ်အသုံးပြု၍ လူမဆန်စွာ တိုက်ခိုက်ခဲ့မှုနှင့် စပ်လျဉ်း၍ နိုင်ငံတကာ အစိုးရများနှင့် လွှတ်တော်များက ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးနှင့် ကန့်ကွက်ရှုတ်ချခြင်းအပါအဝင် ဖြစ်နိုင်သမျှ အရေးယူဆောင်ရွက်မှုများပြုလုပ်ပေးနိုင်ရေး ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာပါလီမန်များအဖွဲ့၊ အာဆီယံပါလီမန်များအဖွဲ့များသို့ အကြောင်းကြားစာပေးပို့ခဲ့သည်။

ယင်းဖြစ်စဉ် ဖြစ်ပွားသည့် နေ့မှစ၍ လူ့အခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေးအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး ယခုသတင်းပတ်အတွင်း နယူးယောက်မြို့သို့ ရောက်ရှိနေသည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကလည်း ၎င်း၏ အစည်းအဝေးများတွင် ယင်းလူမဆန်သော စစ်ရာဇဝတ်မှုအား ဦးစားပေး၍ ထည့်သွင်းဆွေးနွေးခဲ့ပါသည်။

အကြမ်းဖက် စစ်ကောင်စီ၏ လူမဆန်သော လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသား/ကျောင်းသူ အနည်းဆုံး (၆) ဦး သေဆုံးခဲ့ပြီး အများအပြား ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထို့ပြင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီးနောက် မြေပြင်စစ်ကြောင်းမှ စာသင်ကျောင်းရှိ ဒဏ်ရာရရှိသူများအပါအဝင် ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ဆရာမများ (၂၀) ဦးခန့်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

အကြမ်းဖက်စစ်တပ်၏ အာဏာသိမ်းရန် ကြိုးပမ်းမှုနောက် အကြမ်းဖက်စစ်‌ကောင်စီတပ်ဖွဲ့ဝင် များက လူနေအိမ်များ၊ စစ်ဘေးရှောင်စခန်းများသို့ ဗုံးကြဲတိုက်ခိုက်ခြင်း၊ သေနတ်ဖြင့် ပစ်သတ်ခြင်းများကြောင့် ကလေးသူငယ် (၃၅၀) ဦးခန့် သေဆုံးခဲ့ရပြီး (၁၅၀၀) ဦးခန့်မှာ မတရားဖမ်းဆီးခံထားရလျက်ရှိပါသည်။

တရားမဝင်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် မိဘများအား ဖိအားပေးရန်အတွက် ကလေးသူငယ်များအား ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူ (၆၅) ဦးခန့်ရှိပြီး အကြမ်းဖက်စစ်တပ်ဖွဲ့ဝင်များ၏ လူမဆန်သော လုပ်ရပ်များကြောင့် ထွက်ပြေးတိမ်းရှောင် နေရသည့် ကလေးသူငယ် အရေအတွက်မှာ (၁၄၀၀၀) ကျော်ရှိပြီ ဖြစ်ပါသည်။ ထို့ပြင် ကလေးသူငယ် ထက်ဝက်ကျော်မှာ ကျောင်းတက်ခွင့်နှင့် ပညာသင်ကြားခွင့်တို့ ဆုံးရှုံးလျက်ရှိပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ စာသင်ကျောင်းများအပေါ်၌ ယင်းကဲ့သို့ လူမဆန်သော လေကြောင်းတိုက်ခိုက်မှုများအပါအဝင် မြန်မာနိုင်ငံရှိ ကလေးသူငယ်များအား သတ်ဖြတ်နေမှုများနှင့် အကြမ်းဖက်မှုများမှ အချိန်မီ ကာကွယ်ပေးရန်နှင့် စစ်ရာဇဝတ်မှုများအား ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်စစ်တပ်အား နိုင်ငံတကာဥပဒေများနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး နိုင်ငံတကာအစိုးရ၊ အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းကြိုးပမ်းသွားမည် ဖြစ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

class=wp-image-2418/

Scroll to Top