ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပညာရေးကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ လေကြောင်းရန်နှင့်လက်နက်ကြီးရန် ကာကွယ်ရေး အသိ ပညာပေးသင်တန်းအား ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်များအတွက် ရည်ရွယ်၍ ၁၂-၈-၂၀၂၃ ရက်နေ့နှင့် ၁၉-၈-၂၀၂၃ ရက်နေ့များတွင် ၀၉:၀၀ နာရီမှ ၁၂:၃၀ နာရီထိ ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် သင်ကြားပို့ချပေးခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပထမဦးစွာ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယခုကာလ၌ ပြည်သူအများ ရင်ဆိုင်ကြုံတွေ့နေရသည့် လေကြောင်းရန်နှင့် လက်နက်ကြီးရန်များမှ ကာကွယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ စီမံထားရှိနိုင်စေရန်အတွက် ရည်ရွယ်လျက် စီစဥ်လုပ်ဆောင်ခြင်းဖြစ်ကာ မိမိနေထိုင်ရာရပ်ရွာသို့ အသိပညာ ဗဟုသုတများအား ပြန်လည်ဝေမျှပေးနိုင်စေလိုကြောင်း ပြောကြားပြီးနောက် ပညာရေးကော်မတီဥက္ကဋ္ဌက ယခုကဲ့သို့ ဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းစီစဥ်ဖွင့်လှစ် ပေးနိုင်သည့်အတွက် အလွန်ဝမ်းမြောက်ပါကြောင်းနှင့် အခက်အခဲများကြားမှ တက်ရောက် လာကြသည့် ပညာရေးဘုတ်အဖွဲ့ဝင်များအား ကျေးဇူးတင်ရှိပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းအား ဆက်လက်ပြုလုပ်ကျင်းပရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးအန္တရာယ်မှ ကာကွယ်နိုင်စေရန် လိုက်နာရမည့် အချက်များနှင့် ရှောင်ရှားရမည့်အချက်များအပါအဝင် ပြည်သူများအတွက် ဘေးကင်းလုံခြုံစေနိုင်သည့် နည်းလမ်းများနှင့် ရပ်ရွာလူထုအခြေပြု အရေးပေါ် လူရွှေ့ပြောင်းမှု ဇာတ်တိုက်လေ့ကျင့်ခြင်း၊ အရေးပေါ်အခြေအနေများတွင် စီမံခန့်ခွဲခြင်း၊ ဘေးအန္တရာယ်မဖြစ်ခင် ကြိုတင်ပြင်ဆင်ခြင်း၊ ကာကွယ်ခြင်း၊ ကြိုတင်သတိပေးချက် ထုတ်ပြန်ခြင်းနှင့် ပဋိပက္ခဖြစ်ပွားရာ နေရာများတွင် လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ်နှင့် မြေမြှုပ်မိုင်းအန္တရာယ်များ ကင်းရှင်းအောင် လိုက်နာလုပ်ဆောင်သင့်သည့် အကြံပြုချက်များအား အသေးစိတ် ရှင်းလင်းပို့ချပေးခဲ့သည်။
ယခုသင်တန်းသည် လတ်တလော မြေပြင်တွင် အမှန်တကယ် ရင်ဆိုင်ကြုံတွေ့နေရသည့် လေကြောင်းရန်နှင့်လက်နက်ကြီးရန်များမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် သိရှိလိုက်နာသင့်သည့် အချက်အလက်များ၊ ကြိုတင်ပြင်ဆင်ထားသင့်သည့် အစီအမံများ၊ ဆောင်ရန် ရှောင်ရန် အသိပညာ ဗဟုသုတများရရှိရေး ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကာ သင်တန်းသား စုစုပေါင်း (၁၉၀) ကျော် တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ပညာရေးကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး သင်တန်းအား ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw

