မူလ / ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) လုပ်ငန်းလမ်းညွှန် (၂၀၂၃) အား ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိနားလည်စေရေး ရှင်းလင်းမျှဝေခြင်းအစီအစဥ်များအား ပူးပေါင်းဆောင်ရွက်

ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) လုပ်ငန်းလမ်းညွှန် (၂၀၂၃) အား ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိနားလည်စေရေး ရှင်းလင်းမျှဝေခြင်းအစီအစဥ်များအား ပူးပေါင်းဆောင်ရွက်

CRPH လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယအကြိမ် ထုတ်ပြန်ထားသော ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပ.က.ဖ) လုပ်ငန်းလမ်းညွှန် (၂၀၂၃) နှင့် စပ်လျဥ်း၍ လွှတ်တော်ကိုယ်စားလှယ်များ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်ချက်ဖြင့် ပ.က.ဖ လုပ်ငန်းလမ်းညွှန် (၂၀၂၃) ရှင်းလင်းမျှဝေခြင်းအစီအစဥ်များအား (၁-၁၁-၂၀၂၃) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် (၂-၁၁-၂၀၂၃) ရက်နေ့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအတွက် ကာကွယ်ရေးဝန်ကြီးဌာနနှင့် အတူပူးပေါင်းဆောင်ရွက်ခဲ့သည်။

အထက်ပါအစီအစဥ်များတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပ.က.ဖ လုပ်ငန်းလမ်းညွှန်တွင်ပါရှိ‌သော အခြေခံမူများ၊ စောင့်ထိန်းရမည့် စံတန်ဖိုး၊ ကျင့်ဝတ်၊ စည်းကမ်းများ၊ မြို့နယ် ပ.က.ဖ၊ ခရိုင် ပ.က.ဖနှင့် တိုင်း၊ ပြည်နယ် ပ.က.ဖ များ ဖွဲ့စည်းပုံ၊ ပ.က.ဖ တိုက်ခိုက်ရေးတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများ ညှိနှိုင်းကွပ်ကဲရေး ဗဟိုကော်မတီ ဖွဲ့စည်းပုံ၊ အရည်အချင်းသတ်မှတ်ချက်နှင့် ဝန်ထမ်းရေးရာကိစ္စရပ်များ၊ တိုင်ကြားခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် ပြစ်ဒဏ်စီရင်ခြင်းတို့အား ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းမျှဝေခဲ့ပြီး ပ.က.ဖ များ အခွန်ဘဏ္ဍာစီမံခန့်ခွဲခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်၊ တိုင်ကြားမှုများဆိုင်ရာကော်မတီ လုပ်ငန်းလက်စွဲတို့နှင့်စပ်လျဥ်း၍လည်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။

အဆိုပါ အစီအစဥ်များသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၈၀) ဦးကျော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁၀၀) ကျော်၊ CRPH လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ NUG ကာကွယ် ရေးဝန်ကြီးဌာနမှ ဒုတိယအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်(၂)ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top