မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များ ရှင်းလင်းတင်ပြ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များ ရှင်းလင်းတင်ပြ

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄၁/၂၀၂၅) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကား ပြောကြားပြီးနောက် ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် က အစည်းအဝေးများ ဆောင်ရွက်နိုင်မှုအခြေအနေ၊ အရေးပေါ်အုပ်ချုပ်ရေး ဆောင်ရွက်နေသည့် မြို့နယ်များ၊ အမိန့်ကြေညာစာထုတ်ပြန်မှု၊ ညွှန်ကြားချက်များ ထုတ်ပြန်ထားမှု၊ လုပ်ငန်းများတွင် ပ.အ.ဖ ပြန်တမ်းများ ပြန်လည်တိုက်ဆိုင်စစ်ဆေးခြင်း၊ လစဉ်မြို့နယ်/ခရိုင် အစီရင်ခံစာများ တောင်းခံခြင်း၊ မြို့နယ်များအလိုက် လုပ်ငန်းစွမ်းဆောင်ရည်များ သုံးသပ်ခြင်း၊ တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးအတွက် စီမံချက်ရေးဆွဲ၍ ဆောင်ရွက်ခြင်း၊ မြို့နယ်ရာဇဝတ်တရားစီရင်ရေးအဖွဲ့ ဖွဲ့စည်းထားမှု၊ အရေးယူဆောင်ရွက်ထားမှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။

၎င်းနောက် အရေးပေါ်အုပ်ချုပ်ရေးဆောင်ရွက်နေသည့် မြို့နယ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် ဥပဒေရေးရာကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ ပြည်သူ့ရေးရာကော်မတီ၊ အလုပ်သမားရေးရာကော်မတီတို့က တင်ပြဆွေးနွေးကာ အစည်းအဝေးအား ရပ်နားခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များ၊ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top