(၂၁၀) ကြိမ်မြောက် အမှုဆောင်ကောင်စီ အစည်းအဝေး (210th Session of IPU Governing Council) က မြန်မာလွှတ်တော်ကိုယ်စားလှယ်များ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် စပ်လျဉ်းသည့် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။ ယင်းအစည်းအဝေးအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ရဝန်ဒါနိုင်ငံ၊ Kigali မြို့၌ (၁၄၅) ကြိမ်မြောက် နိုင်ငံတကာလွှတ်တော်များညီလာခံကာလအတွင်း ကျင်းပခဲ့သည်။
ဆုံးဖြတ်ချက်တွင် မြန်မာစစ်တပ်က ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်များအပေါ် မဟုတ်မမှန်စွပ်စွဲဖမ်းဆီးထောင်ချနေမှု၊ လွှတ်တော်ကိုယ်စားလှယ်အခွင့်အရေးနှင့် လူ့အခွင့်အရေးများကို ပိတ်ပင်တားဆီးနေမှု၊ အဆက်အသွယ်ဖြတ်တောက်နေမှု၊ ဆိုးဆိုးရွားရွား ဆက်ဆံနေမှု၊ ညှဥ်းပန်းနှိပ်စက်နေမှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဥပဒေအကြံဉာဏ် ရယူပိုင်ခွင့် မရှိမှု အပါအဝင် ကိုယ်စားလှယ်အချို့အား ဝှက်ထားပြီး အစအနဖျောက်ပစ်ရန် ကြိုးပမ်းနေမှုတို့ကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်နေမှုများကို ထောက်ပြထားသည်။
စစ်တပ်အာဏာပိုင်များအား လူ့အခွင့်အရေးကျင့်သုံးနေမှုနှင့် လွှတ်တော်ရေးရာလုပ်ငန်းများ ဆောင်ရွက်နေသည့် CRPH အဖွဲ့ဝင် (၂၀) ဦးနှင့် ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲမှ အခြားရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များကို ရုပ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း၊ တရားစွဲဆိုခြင်းဖြင့်လည်း ကောင်း အရေးယူဆောင်ရွက်ခြင်း မပြုလုပ်ရန် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစည်းမျဉ်းများကို လိုက်နာရန် တောင်းဆိုထားသည်။
အပြည်ပြည်ဆိုင်ရာ တရားစီရင်မှုစည်းမျဉ်းအရ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ရှိသူ စစ်အာဏာရှင်များအား နယ်မြေပိုင်နက်သို့ လာရောက်ပါက တရားစွဲဆိုပေးရေး မိမိတို့၏ သက်ဆိုင်ရာအာဏာပိုင်များအား လေးလေးနက်နက် တိုက်တွန်းပေးရန်လည်း တောင်းဆိုထားသည်။
ဆုံးဖြတ်ချက်တွင် CRPH အဖွဲ့ဝင်များအပါအဝင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲမှ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များနှင့် တညီတညွတ်တည်း ရပ်တည်ကြောင်း ပြသရန်နှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစည်းမျဉ်း၊စည်းကမ်းများနှင့် လူ့အခွင့်အရေးများအပေါ် လေးစားလိုက်နာမှု ရှိစေရန် အတွက် IPU အဖွဲ့ဝင်လွှတ်တော်များ၊ အမြဲတမ်းလေ့လာသူများ၊ အထူးသဖြင့် အာဆီယံ ပါလီမန်များညီလာခံ (AIPA) များက ဖိအားပေးရန်၊ မြန်မာ့အရေးကူညီဆောင်ရွက်နေသည့် နိုင်ငံတကာလွှတ်တော်မိတ်ဖက်များနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေများဆိုင်ရာ ကုလသမဂ္ဂဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူတို့အား ပံ့ပိုးကူညီရန် ဖော်ပြထားသည်။
အစည်းအဝေးတွင် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ်များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများပါဝင်သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာအား တညီတညွတ်တည်း သဘောတူ အတည်ပြုခဲ့သည်။ ယင်းအစီရင်ခံစာတွင် မြန်မာလွှတ်တော်ကိုယ်စားလှယ် (၆၅) ဦး၏ ဆိုးရွားသော အခြေအနေများလည်း ပါဝင်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ