မူလ / နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) အထွေထွေအတွင်းရေးမှူးချုပ်နှင့် မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) အထွေထွေအတွင်းရေးမှူးချုပ်နှင့် မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) အထွေထွေအတွင်းရေးမှူးချုပ် Mr. Martin Choungon၊ IPU နယူးယောက်ရုံးအကြီးအကဲဖြစ်သူ Ms. Patricia Torsney တို့နှင့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် အခြေအနေများအပေါ်  ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၁ ခုနှစ်၊ အကြမ်းဖက်စစ်တပ်က အရပ်သားအစိုးရထံမှ အာဏာလုယူခဲ့ပြီးနောက် ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် မြန်မာကိုယ်စားလှယ်များနှင့်အတူ ရပ်တည်ပြီး ပံ့ပိုးကူညီခဲ့မှုများ၊ ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား မြန်မာပြည်သူတို့၏ တရားဝင်ကိုယ်စားပြုသူအဖြစ် အသိအမှတ်ပြုခဲ့ပြီး ညီလာခံအစည်းအဝေးများသို့ တက်ရောက်ခွင့်ပြုခဲ့ခြင်းများ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်အပေါ် အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကမ္ဘာတစ်ဝှမ်းက သိရှိအောင် ကြိုးပမ်းခဲ့မှုများအပေါ် ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်က နိုင်ငံတစ်ဝှမ်းတွင် ဆက်လက်ကျူးလွန်လုပ်ဆောင်နေသည့် လေကြောင်းတိုက်ခိုက်မှုများနှင့် အကြမ်းဖက်လုပ်ရပ်များ၊ စစ်မှုထမ်းဥပဒေအရ လူငယ်များအား အတင်းအကြပ်ဖမ်းဆီး၍ စစ်မှုထမ်းခိုင်းစေနေမှုများ၊ လူငယ်များအနေဖြင့် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးပုန်းရှောင်နေရမှုများ၊ ရေကြီးမှုနှင့် ရေကြီးမှုကြောင့် ပြည်သူများစွာ အကူအညီလိုအပ်နေမှုများ၊ အကြမ်းဖက်စစ်ကောင်စီက ပြင်ဆင်လျက်ရှိသည့် အတုအယောင်ရွေးကောက်ပွဲကိစ္စနှင့် မြန်မာ့အရေးအား လက်တွေ့ကျကျ ဖြေရှင်းကူညီရာတွင် နိုင်ငံတကာလွှတ်တော်အသိုက်အဝန်းအနေဖြင့် ဆက်လက်ပူးပေါင်းပါဝင်ပေးစေလိုသည့် ကဏ္ဍများကို ဆွေးနွေးခဲ့ကြပါသည်။

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU)အနေဖြင့် အကြမ်းဖက်စစ်တပ်က တရားမဝင်အာဏာသိမ်းပြီးနောက် မြန်မာပြည်သူများ၊  ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ရပ်တည်သည့်အနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား IPU ၏ တရားဝင်မိတ်ဖက်ဆွေးနွေးသူအဖြစ် သတ်မှတ်ခဲ့ပြီး ညီလာခံအစည်းအဝေးများသို့ ပီပြင်သော လွှတ်တော်တစ်ရပ်မပေါ်ပေါက်မချင်း လေ့လာသူအဖြစ် တက်ရောက်နိုင်ရေး ဖိတ်ကြားသွားရန် ဆုံးဖြတ်ထားပါသည်။

ထို့အတူ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေဖြင့်လည်း ၂၀၂၃ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သည့် (၁၄၆) ကြိမ်မြောက်၊ နိုင်ငံတကာပါလီမန်များညီလာခံအစည်းအဝေးမှစ၍ လူကိုယ်တိုင်သွားရောက်တက်ရောက်ခဲ့ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top