နိုင်ငံတကာ ပါလီမန်များအဖွဲ့ (IPU) ၏ (၁၅၃) ကြိမ်မြောက် ညီလာခံကို တန်ဇန်းနီးယားနိုင်ငံ၊ အာရူးရှားမြို့တွင် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင် ဦးဆောင်သော မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
ညီလာခံကာလအတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်ပါနိုင်ငံများမှ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့် သီးခြားတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှုများ ရရှိခဲ့ပါသည် –
၁။ မလေးရှားနိုင်ငံ
၂။ နော်ဝေးနိုင်ငံ
၃။ ကနေဒါနိုင်ငံ
၄။ ဘာရိန်းနိုင်ငံ
၅။ ဩစတြေးလျနိုင်ငံ
၆။ အင်ဒိုနီးရှားနိုင်ငံ
၇။ ပိုလန်နိုင်ငံ
၈။ ယူနိုက်တက်ကင်းဒမ်း
၉။ အရှေ့တီမောနိုင်ငံ
တွေ့ဆုံဆွေးနွေးမှုများအတွင်း လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ၊ SCEF နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များ၊ လွတ်မြောက်နယ်မြေများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ပြည်သူ့အုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၏ အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့ပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အမှန်တကယ်လိုအပ်နေသော ပြည်သူများထံသို့ နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများမှ ထိရောက်စွာ ပေးပို့နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ပါသည်။
ထို့အပြင် စစ်အုပ်စု၏ ဆက်လက်ကျူးလွန်လျက်ရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်မှုများ၊ အဓမ္မစစ်မှုထမ်းခိုင်းစေမှုများနှင့် ပေါ်တာဆွဲမှုများကို တင်ပြဆွေးနွေးခဲ့ပါသည်။ ထို့နောက် စစ်အုပ်စုက အတုအယောင်လွှတ်တော်နှင့် အတုအယောင်အစိုးရဖွဲ့စည်းကာ နိုင်ငံတကာအသိုက်အဝန်း၏ အသိအမှတ်ပြုမှု ရရှိရန် ကြိုးပမ်းနေမှုများကိုလည်း အသိပေးတင်ပြခဲ့ပါသည်။
အလားတူ စစ်အုပ်စုသည် တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းများ၊ လူကုန်ကူးမှုကွန်ရက်များနှင့် မူးယစ်ဆေးဝါး ရာဇဝတ်ဂိုဏ်းများနှင့် ချိတ်ဆက်ပူးပေါင်း၍ ငွေကြေးအရင်းမြစ်များ ရယူလျက်ရှိကြောင်း၊ ယင်းရာဇဝတ်မှုများသည် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေသည့် အရေးပါသော စိန်ခေါ်မှုများအဖြစ် တိုးမြင့်လာနေကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ထိုသို့သော နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို ထိရောက်စွာ တိုက်ဖျက်နိုင်ရေးအတွက် စစ်အုပ်စုအပေါ် ပစ်မှတ်ထားသော ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်ဆောင်ရွက်ပေးရန်လည်း တိုက်တွန်းဆွေးနွေးခဲ့ကြပါသည်။
The Committee Representing Pyidaungsu Hluttaw











