၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) နှင့် ကမ္ဘာ့ကုလသမဂ္ဂ (UN) တို့က “Parliaments and the UN: Better together, delivering for the people” ဆောင်ပုဒ်ဖြင့် ပူးပေါင်းကျင်းပသည့် ကမ္ဘာ့ကုလသမဂ္ဂ၌ ပြုလုပ်သည့် လွှတ်တော်ဆိုင်ရာ ကြားနာပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဒေါ်မြတ်သီတာထွန်း၊ ဒေါ်မြမျိုးအေးနှင့် ဒေါ်ဖြူဖြူလွင်တို့ပါဝင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။ 2026 IPU Parliamentary Hearing at the United Nations | Inter-Parliamentary Union
အဆိုပါကြားနာပွဲ၌ နိုင်ငံတကာပါလီမန်များအဖွဲ့ ဥက္ကဋ္ဌ Hon. Dr. Tulia Ackson၊ ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ H.E. Ms. Annalena Baerbock တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး နိုင်ငံတကာပါလီမန်များအဖွဲ့ဝင် လွှတ်တော်များမှ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
ကြားနာပွဲ ပထမရက်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ဒေါ်မြမျိုးအေးက “Translating global commitments into national realities” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဆွေးနွေးမှုတွင် “ယနေ့ရင်ဆိုင်နေရသော အဓိကစိန်ခေါ်မှုများထဲမှ တစ်ခုသည် ကတိကဝတ်များနှင့် ဖြစ်ပေါ်လာသော အကျိုးဆက်များအကြား ပိုမိုကျယ်ပြန့်သည့် ကွာဟချက်ပင် ဖြစ်ပါကြောင်း၊ နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်မှုများကို တာဝန်ခံမှုမရှိဘဲ ကျူးလွန်နေသည့်အခါ ကုလသမဂ္ဂမှ ကာကွယ်ရန် ရည်ရွယ်ထားသည့် ပြည်သူများအကြားတွင်သာမက အဖွဲ့ဝင်နိုင်ငံများအကြား၌ပါ နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု၊ ယုံကြည်မှု အားနည်းလာစေပါကြောင်း၊ မြန်မာနိုင်ငံသည် လက်တွေ့အခြေအနေကို နက်နက်ရှိုင်းရှိုင်း သိရှိခံစားနေရပါကြောင်း၊ မိမိတို့၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ တားဆီးခံခဲ့ရသည့် (၅) နှစ်အကြာတွင် လူဦးရေ (၁၆) သန်းကျော် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေပြီး လူဦးရေ (၄) သန်း နီးပါးသည် နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါကြောင်း၊ အနာဂတ်အတွက် ပဋိညာဉ်ဆိုသည်မှာ စာရွက်ပေါ်မှ စာတန်းတစ်ခုမျှသာ မဟုတ်ဘဲ နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု စနစ်သည် ပိုမိုတုံ့ပြန်နိုင်မှု၊ ပိုမိုပါဝင်မှုနှင့် ပိုမိုတာဝန်ခံမှု ရှိလာစေရေးအတွက် စမ်းသပ်မှုတစ်ခု ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့အခွင့်အရေးတို့သည် ခွဲခြား၍ မရကြောင်း၊ အရပ်သားများကို ကာကွယ်ပေးခြင်းနှင့် တရားဥပဒေစိုးမိုးမှုကို လေးစားလိုက်နာခြင်းမရှိဘဲ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ရရှိမည်မဟုတ်ကြောင်း” ထည့်သွင်းဆွေးနွေးခဲ့သည်။
ကြားနာပွဲ ဒုတိယနေ့တွင် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ဒေါ်မြတ်သီတာထွန်းက “Protecting democracy from within: Parliamentary safeguards, responsibilities and renewal in times of democratic erosion” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဆွေးနွေးမှုတွင် “ကမ္ဘာတစ်ဝှမ်း၌ ဒီမိုကရေစီ နောက်ပြန်ဆွဲမှုသည် သီအိုရီအရ မဟုတ်ဘဲ လက်တွေ့မြင်သာထင်သာရှိလာပြီး ပိုမိုမြန်ဆန်ကာ တစ်ခုနှင့်တစ်ခု ဆက်နွယ်နေပါကြောင်း၊ အချို့နိုင်ငံများတွင် ဒီမိုကရေစီသည် တဖြည်းဖြည်းချင်း ယုတ်လျော့ပျက်စီးလာသည်ကို မြင်တွေ့ရသော်လည်း မြန်မာနိုင်ငံတွင်မူ တိုက်ရိုက်အကြမ်းဖက် စီးနင်းတိုက်ခိုက်ခံရခြင်းပင် ဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် စစ်တပ်က အဓမ္မအာဏာသိမ်းယူပြီး မိမိတို့၏ ဒီမိုကရေစီကို ဖြိုဖျက်ရန် ကြိုးပမ်းခဲ့သော်လည်း မိမိတို့၏ လွှတ်တော်သည် ပျက်သုဉ်းမသွားဘဲ အခြေအနေနှင့်အညီ ပြောင်းလဲရပ်တည်ခဲ့ပါကြောင်း၊ မိမိတို့၏ အတွေ့အကြုံက တရားဝင်မှုဆိုသည်မှာ အဆောက်အအုံများပေါ်တွင် အခြေခံသည်မဟုတ်ဘဲ ပြည်သူ့ဆန္ဒပေါ်တွင်သာ အခြေခံသည်ဟူသော အချက်ကို သတိပေးနေပါကြောင်း၊ ဒီမိုကရေစီကို အတွင်းပိုင်းမှ ကာကွယ်ခြင်းသည် ဖိအားများအောက်တွင် ရှိနေစဉ်တွင် လွှတ်တော်၏ အဓိကလုပ်ငန်းများဖြစ်သော စောင့်ကြည့်ထိန်းကျောင်းခြင်း၊ ဘတ်ဂျက်စိစစ်ခြင်းနှင့် ဥပဒေပြုခြင်းတို့ကဲ့သို့ အဓိကလုပ်ငန်းများကို ထိန်းသိမ်းကာကွယ်ခြင်းဖြင့် စတင်ပါကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ အဆောက်အအုံများ သိမ်းပိုက်ခံရသည့်တိုင် အစားထိုးယန္တရားများ စိတ်ချလုံခြုံသော ဆက်သွယ်ရေးနှင့် နိုင်ငံတကာ၏ စည်းလုံးညီညွတ်မှုများမှတစ်ဆင့် အဖွဲ့အစည်းဆိုင်ရာ ကြံ့ခိုင်မှုကို ပြသရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်များသည် အရပ်ဖက်အဖွဲ့အစည်းများ၊ အမှီအခိုကင်းသော အဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လွတ်လပ်သော မီဒီယာများနှင့် အားလုံးပါဝင်သည့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ဒီမိုကရေစီယဉ်ကျေးမှုကို ဆက်လက်ရှင်သန်စေပါကြောင်း၊ ဒီမိုကရေစီကို တသီးပုဂ္ဂလ ကာကွယ်၍ မရနိုင်ဘဲ မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ ရှင်သန်စေပါကြောင်း၊ မြန်မာနိုင်ငံသည် စစ်တပ်က ၎င်းတို့ တရားဝင်မှုကို ကြိုးပမ်းမှုအနေဖြင့် နိုင်ငံတစ်ဝန်း ဖိနှိပ်မှုများ လုပ်ဆောင်နေစဉ်အတွင်းမှာပင် အတုအယောင်ရွေးကောက်ပွဲကို ကျင်းပခဲ့သဖြင့် နောက်ထပ်စိန်ခေါ်မှုကို ရင်ဆိုင်နေရပါကြောင်း၊ ယင်းသည် ပိုမိုကျယ်ပြန့်သော ဘေးအန္တရာယ်တစ်ခုကို ဖော်ပြနေပြီး စစ်မှန်သော ကိုယ်စားပြုမှုကို ဖယ်ထုတ်ထားသော ရွေးကောက်ပွဲလုပ်ငန်းစဉ်များအောက်တွင် ဒီမိုကရေစီ အဖွဲ့အစည်းများ အလုပ်မဖြစ်နိုင်ခြင်းပင် ဖြစ်ပါသည်။
နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုအဆင့်တွင် မူဝါဒပိုင်း တစ်သမတ်တည်း ဖြစ်ရန်မှာ အလွန်အရေးကြီးပါကြောင်း၊ အာဏာကို အတင်းအဓမ္မသိမ်းယူသူများကို ပြည်သူက ရွေးချယ်ထားသူများနှင့် တန်းတူဆက်ဆံနေမည်ဆိုပါက နေရာတိုင်းရှိ ဒီမိုကရေစီစံနှုန်းများသည် အားနည်းသွားမည် ဖြစ်ပါကြောင်း” ထည့်သွင်းဆွေးနွေးခဲ့သည်။
အဆိုပါ လွှတ်တော်ဆိုင်ရာကြားနာပွဲသို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် သံရုံးတာဝန်ရှိသူများလည်း တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ








