မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၏ မြန်မာနှစ်သစ်ကူး ဆုတောင်းစကား

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၏ မြန်မာနှစ်သစ်ကူး ဆုတောင်းစကား

၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်
 
မြန်မာနိုင်ငံသူနိုင်ငံသား ပြည်ထောင်စုဖွားအားလုံးကို မင်္ဂလာပါလို့ ဦးစွာ ဂါရဝပြုအပ်ပါတယ်။ အခုလို နှစ်သစ်ကူးအခါသမယမှာ စိတ်သစ်၊ ခွန်အားသစ်တွေနဲ့ ပြည့်စုံကြကာ အေးချမ်းတဲ့အနာဂတ်သစ်ကိုလည်း အမြန်ဆုံးရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ဘေးအန္တရာယ်အမျိုးမျိုး ကင်းဝေးပြီး အကြောက်တရား အမျိုးအမျိုး၊ လက်ရှိကြုံတွေ့နေရတဲ့ ဒုက္ခဆင်းရဲအမျိုးမျိုးမှ လွတ်မြောက်နိုင်ကြပါစေလို့လည်း ဆုတောင်းလိုက်ပါတယ်။
 
ကိုဗစ်ကာလနဲ့ စစ်အာဏာသိမ်းမှုရဲ့နောက် ကျွန်တော်တို့ရဲ့ ရိုးရာအတာသင်္ကြန်ပွဲကို ပျော်ရွှင်စွာ၊ အေးချမ်းစွာ မဆင်နွှဲနိုင်ခဲ့ကြတာ (၆) ကြိမ်တိုင် ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒီကာလတွေမှာ တိုင်းပြည်နဲ့ ပြည်သူလူထုဟာ ကပ်ရောဂါဘေး၊ သဘာဝဘေးတွေအပြင် အာဏာမှာ ယစ်မူးကြတဲ့ စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်မှုမျိုးစုံ၊ ဖိနှိပ်မှုမျိုးစုံကို ခါးသီးစွာ ရင်ဆိုင်ခဲ့ရတဲ့၊ ရင်ဆိုင်နေရဆဲအချိန် ဖြစ်ပါတယ်။  
 
ဒီလိုဒုက္ခမျိုးစုံကို ကြုံတွေ့ရတာဟာ ဝမ်းနည်းစရာကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူတွေဟာ ဘယ်အချိန်မှာဖြစ်ဖြစ် ဒီလိုခက်ခဲကြမ်းတမ်းတဲ့အချိန်မှာ အမြဲတမ်း အချင်းချင်းရိုင်းပင်းကူညီလိုစိတ်၊ မေတ္တာမျှလိုစိတ်နဲ့ ဖေးမနိုင်ခဲ့ကြပြီးတော့ အခက်အခဲတွေကို ကျော်လွှားခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာ မြန်မာနိုင်ငံသူ/နိုင်ငံသားတို့ရဲ့ သူမတူတဲ့ စည်းလုံးညီညွတ်မှုကိုလည်း ဒီလိုကြုံတွေ့ရတဲ့ အချိန်တွေမှာ ပိုပြီး ပြသနိုင်ခဲ့ကြပြီး မတူညီတဲ့ မျိုးဆက်တွေ၊ အလွှာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံအကြား စာနာနားလည်မှုတွေကိုလည်း အရှိအတိုင်း မြင်တွေ့ခံစားခဲ့ကြရပါတယ်။
 
ဒီနေရာမှာ ကိစ္စရပ်တစ်ခုအတွက် အင်မတန်အရေးကြီးသလို တိုင်းပြည်ရဲ့ နိုင်ငံရေးအရွေ့တစ်ခု၊ အပြောင်းအလဲတစ်ခုအတွက်လည်း တန်းဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှု၊ စံတန်ဖိုးတွေလည်း ဖြစ်ပါတယ်။ 
စစ်အာဏာရှင်အမြစ်ဖြတ်ဖို့ ပြည်သူတွေရဲ့ ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်မှုကို ဒီကနေ့အထိတိုင် မြင်တွေ့နေဆဲ ဖြစ်ပါတယ်။ ဒီလို ခိုင်မာတဲ့ သန္နိဋ္ဌာန်နှင့် တော်လှန်ရေးအင်အားစုများရဲ့ အောင်မြင်မှုတွေကိုလည်း တစ်စတစ်စ တိုးတက်နေတာ တွေ့မြင်နေရပါတယ်။ 
 
မကြာသေးခင်က ငလျင်ဘေးဒဏ်ထိခိုက်ရချိန်မှာ မြန်မာပြည်သူတို့ရဲ့ စည်းလုံးညီညွတ်မှုနဲ့ စာနာမှုကို မြင်တွေ့ရသလို စစ်အာဏာရှင်တို့ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှု၊ ပြည်သူလူထုအပေါ် စေတနာ၊ စာနာစိတ်ကင်းမဲ့မှုတွေကိုလည်း အထင်းသား မြင်တွေ့ရပါတယ်။  ဒီကနေ့အထိတိုင် ငလျင်ကြောင့် ထိခိုက်ခံရသူများကို အဖက်ဖက်က ဝိုင်းဝန်းကူညီကြတဲ့ ပြည်သူအပေါင်းနဲ့ နိုင်ငံတကာအသိုက်အဝန်းကိုလည်း ကျေးဇူးတင်ပါတယ်။ 
 
ပြည်သူတွေအတွက် ကယ်ဆယ်ရေးကဏ္ဍတွေကို နိုင်ငံတကာအသိုက်အဝန်းက ထိထိရောက်ရောက် တိုက်ရိုက်ကူညီမှုတွေရရှိဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ သံတမန်ဆက်ဆံရေးကနေတစ်ဆင့် အစဉ်တစိုက် ကြိုးပမ်းလျက်ရှိပါတယ်။ ပြီးခဲ့တဲ့ (၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံမှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေနဲ့လည်း ငလျင်ဒဏ်သင့်ပြည်သူများအတွက် နိုင်ငံတကာအကူအညီတွေ တိုးမြှင့်ရရှိဖို့ အဓိက ဦးစားပေး ဆွေးနွေးဆောင်ရွက်ခဲ့ပါတယ်။ 
 
ဒီလို အခက်အခဲတွေကို ရင်ဆိုင်ရချိန်မှာ ကျွန်တော်တို့ လူထုခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့စကားလေးကို ပြန်ပြီးတော့ မျှဝေချင်ပါတယ်။ အဲဒါကတော့ “တော်လှန်ရေးကာလကြာလာတာနဲ့အမျှ လက်လျှော့ချင်ကြတာ၊ စိတ်ကျလာတာမျိုးတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဘယ်လိုကိစ္စမျိုးမဆို ယုံယုံကြည်ကြည်နဲ့ ယုံကြည်မှုရှိရှိနဲ့ ကိုယ့်ရဲ့ ယုံကြည်ချက်အတိုင်း မယိမ်းမယိုင် လျှောက်လှမ်းကြရင် အောင်မြင်မှာ သေချာပါတယ်” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီးတော့ ငြိမ်းချမ်းတဲ့ အနာဂတ်နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ရမယ်၊ ကျွန်တော်တို့မျိုးဆက်တွေဟာ အကြောက်တရားမရှိတဲ့ ခေတ်၊ လွတ်လပ်လုံခြုံတဲ့ စနစ် အောက် ကြီးပြင်းနိုင်ရမယ်လို့ ယုံကြည်ချက်ရှိပြီးတော့ အဲဒီယုံကြည်ချက်အတိုင်း ဆက်လက်ကြိုးစားသွားကြရပါမယ်။ တည့်တည့်မတ်မတ်၊ မယိမ်းမယိုင် ဆက်လုပ်ကြရပါမယ်။ ပြည်သူတွေ၊ လူငယ်တွေနဲ့ ပေးဆပ်အနစ်နာခံရမှုဟာ ဒီတိုင်းပြည်ရဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အင်မတန်မှ တန်ဖိုးဖြတ်လို့မရတဲ့ တန်ဖိုးလည်းမဖြတ်နိုင်တဲ့ ပေးဆပ်မှုတွေဖြစ်ပါတယ်။ 
 
ဒီလို ပေးဆပ်ရင်းနှီးမှုတွေကို မြင်အောင်ကြည့်ပြီးတော့ ကိုယ့်ရဲ့ ယုံကြည်ချက်၊ မျှော်လင့်ချက်ဆီကို ဆက်လက်လျှောက်လှမ်းသွားဖို့လည်း နှစ်သစ်ကူးအချိန်မှာ မေတ္တာရပ်ခံလိုပါတယ်။ အာဏာရူးတဲ့ စစ်အာဏာရှင်တွေကို ဖြုတ်ချနိုင်ဖို့ အရေးကြီးတာကြောင့်  ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကိုလည်း မလျှော့လိုက်ကြဖို့၊ ဆက်လက်အားထည့်ကြိုးပမ်းသွားကြဖို့ လိုအပ်နေတယ်ဆိုတာကိုလည်း သတိပြုကြရမှာဖြစ်ပါတယ်။
တိုင်းပြည် အေးချမ်းသာယာပြီး ပြည်ထောင်စုတိုင်းရင်းသားပေါင်းစုံအတွက် ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်တစ်ရပ်ကို တည်ဆောက်ဖို့ဆိုတာ စစ်အာဏာရှင်စနစ်ကို ဒီတိုင်းပြည်ကနေ အမြစ်ဖြတ်နိုင်ဖို့ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ 
 
ဘုံရန်သူကို ဦးတည်ဖြိုချနေချိန်မှာ တော်လှန်ရေးအင်အားစုများအကြား အပြန်အလှန်နားလည်မှု၊ ယုံကြည်လေးစားမှု၊ တန်ဖိုးထားအသိအမှတ်ပြုမှုတွေနဲ့အတူ သတိကြီးကြီး၊ အမျှော်အမြင်ကြီးကြီး ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ ဆက်လက်ဆောင်ရွက်ကြရမှာလည်း ဖြစ်ပါတယ်။ 
 
ပြီးခဲ့တဲ့ ဧပြီလ အစောပိုင်းမှာ ကျင်းပပြီးစီးခဲ့တဲ့ နိုင်ငံတကာပါလီမန်များညီလာခံကြီးကနေ CRPH ကို မြန်မာပြည်သူတို့ရဲ့ ကိုယ်စားပြုအဖွဲ့အစည်းအဖြစ် တရားဝင်အသိအမှတ်ပြုတာကို ဆက်လက်ဆုံးဖြတ်အတည်ပြုခဲ့ပါတယ်။ ဒါဟာ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခန်းကဏ္ဍတစ်ခုတည်းကို အသိအမှတ်ပြုတာ မဟုတ်ပါဘူး။ ဒီမိုကရေစီကိုလိုလားတဲ့ ပြည်သူတို့ရဲ့ ပြင်းပြတဲ့ဆန္ဒ၊ တော်လှန်ရေးအင်အားစုအားလုံးက ဒီမိုကရေစီစနစ်နဲ့ လူ့အခွင့်အရေးကို အာမခံတဲ့ ပြည်ထောင်စုအသစ်ကို တည်ဆောက်ကြမယ်ဆိုတဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်နေတာကြောင့် ဖြစ်တယ်ဆိုတာ လေးလေးနက်နက် တင်ပြလိုပါတယ်။ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို နိုင်ငံတကာလွှတ်တော်အသိုက်အဝန်းက ၂၀၂၁ ခုနှစ်ကတည်းက အသိအမှတ်ပြုထားတာဟာ တော်လှန်ရေးတစ်စုံလုံးကို ပံ့ပိုးနေခြင်းဖြစ်တယ်ဆိုတာ ပြောကြားလိုပါတယ်။ 
 
မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များကလည်း တစ်စုတစ်ဖွဲ့ အာဏာရရှိရေးမဟုတ်ဘဲ ပြည်ထောင်စုတစ်ဝန်းလုံးမှာ ငြိမ်းချမ်းသာယာပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှုရှိတဲ့ နိုင်ငံရေးစနစ်တစ်ရပ်ကို တည်ထောင်နိုင်ဖို့ စစ်အာဏာရှင်များကို ဆန့်ကျင်ရာမှာ ကဏ္ဍအစုံကနေ ပါဝင်နေခြင်း ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် အဆုံးသတ်ပြီး နိုင်ငံတော်သစ်ကို ပြည်သူ့ဆန္ဒနဲ့အညီ၊ ပြည်သူတွေဟာ တိုင်းပြည်အနာဂတ်ကို အကြောက်တရားမရှိ၊ လွတ်လွတ်လပ်လပ် ရွေးချယ်ပိုင်ခွင့်ရှိဖို့ဆိုတာ ဦးတည်ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ 
 
ဒီလိုအချိန်ကို ရောက်ရှိနိုင်ဖို့ဆိုတာ စစ်အာဏာရှင်စနစ်ဆန့်ကျင် တော်လှန်နေကြတဲ့ အင်အားစုများက စုပေါင်းအားနဲ့ ဖော်ဆောင်ပေးနိုင်ဖို့ ကြိုးပမ်းပေးဖို့ အဓိက တာဝန်လို့ပဲ ကျွန်တော်တို့ ခံယူမိပါတယ်။ ပြည်သူတွေ လက်ရှိခံစားနေရတဲ့ ဒုက္ခအလီလီကို အမြန်ဆုံး အဆုံးသတ်ပေးနိုင်ဖို့ အတူတကွ လက်တွဲကြိုးပမ်းပြီးတော့ ပြည်သူများ အောင်ပွဲခံနိုင်ပါစေကြောင်း နှစ်သစ်ဆုတောင်းစကား ပြောကြားအပ်ပါတယ်။ 
 
အားလုံးကို လေးစားပါတယ်။ 
Scroll to Top