မူလ / သတင်းထုတ်ပြန်ချက်

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်

အန်ဂိုလာနိုင်ငံ၊ လူရမ်ဒါမြို့၌ ၂၃-၁၀-၂၀၂၃ ရက်နေ့မှ ၂၇-၁၀-၂၀၂၃ ရက်နေ့အထိ ကျင်းပခဲ့သည့် (၁၄၇) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံအစည်းအဝေးများ၊ နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)၏ အမြဲတမ်းကော်မတီအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများသို့ ပါဝင်ခဲ့ပြီး မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံကာလအတွင်း နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)၏ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ညီလာခံတက်ရောက်လာသည့် ကိုယ်စားလှယ်အဖွဲ့များနှင့်လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

၂၅-၁၀-၂၀၂၃ ရက်နေ့၌ ညီလာခံ၏ General Debate တွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေး တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး “အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်မှုများ၊ CRPH အပါအဝင် ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများက အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုများကို ခုခံကာကွယ်နေမှုများ၊ ဒီမိုကရေစီရရှိရေးတစ်ခုတည်းသာမဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်နိုင်ရေး ကြိုးပမ်းနေမှုများကို ထည့်သွင်းပြောကြားခဲ့ပြီး “မြန်မာနိုင်ငံ၏ အခြေအနေများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာလွှတ်တော်များတွင် ထုတ်ဖော်ပြောကြားပေးရန်၊ အကြမ်းဖက်မှုများအဆုံးသတ်နိုင်ရန် အာဏာသိမ်းစစ်ကောင်စီအား ပိုမိုဖိအားပေးရေး သက်ဆိုင်ရာ အစိုးရများသို့ တိုက်တွန်းပေးရန်နှင့် ဒီမိုကရေစီအင်အားစုများထံသို့ ငွေကြေးနှင့် နည်းပညာအကူအညီများ ပေးအပ်ရန်” တောင်းဆိုတိုက်တွန်းခဲ့သည်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် အကြမ်းဖက်အာဏာသိမ်းစစ်တပ်က မြန်မာပြည်သူများအပေါ် ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်မှုများ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ ကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများနှင့် နိုင်ငံတကာလွှတ်တော်အသိုက်အဝန်းက မြန်မာ့ဒီမိုကရေစီရရှိရေးကြိုးပမ်းမှုအပေါ် ကူညီဆောင်ရွက်ပေးရန် တောင်းဆိုချက်များပါဝင်သည့် စာရွက်စာတမ်းများအား ကိုယ်စားလှယ်အဖွဲ့များထံသို့ ဖြန့်ဝေခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သည့် (၁၄၇) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ၏ အမှုဆောင်ကောင်စီအစည်းအဝေးက ကမ္ဘာတစ်ဝှမ်းမှ လွှတ်တော်ကိုယ်စားလှယ်များ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့်စပ်လျဉ်းသည့် အစီရင်ခံစာအား အတည်ပြုရာတွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်များ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေများကို ထည့်သွင်းဆုံးဖြတ်ခဲ့ပါသည်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံသို့ မသွားရောက်မီ ညီလာခံကာလအတွင်း မြန်မာ့အခြေအနေများကို ကမ္ဘာတစ်ဝှမ်းမှ လွှတ်တော်ကိုယ်စားလှယ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိ၍ ထိရောက်သော ပံ့ပိုးကူညီမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ ရရှိရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့သည့်နည်းတူ ညီလာခံအတွင်း၌လည်း အကြမ်းဖက်စစ်တပ်က ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်မှုများ၊ မြန်မာပြည်သူများ၏ တော်လှန်ရေးရည်မှန်းချက်များနှင့် အနာဂတ်လုပ်ငန်းစဉ်များကို အခြားသော ကိုယ်စားလှယ်အဖွဲ့များနှင့် သီးခြားတွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့ပါသည်။  

နွေဦးတော်လှန်ရေးအမြန်ဆုံးအောင်မြင်စေရေးအတွက် တော်လှန်ရေးအင်အားစုများက စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ စစ်ကောင်စီအပေါ် ပိုမိုဖိအားပေးလုပ်ဆောင်နေမှုတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် လွှတ်တော်ကဏ္ဍမှ နိုင်ငံရေးနှင့် သံတမန်ရေးဖိအားပေးမှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ 

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top