၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၅/၂၀၂၅) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အဖွဲ့ဝင် ဦးမျိုးနိုင်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း က တနိုင်ငံလုံးအတိုင်းအတာအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်များ ကောက်ယူထားရှိပြီး ၂၀၂၁ ခုနှစ်မှစပြီး လက်ရှိအချိန်ထိ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုစုစုပေါင်း (၁၉,၆၃၄) မှုအား ကောက်ယူထားရှိနိုင်ပြီး နိုင်ငံတကာတရားရုံးများတွင် တရားစွဲဆိုနိုင်လောက်သည်အထိ ခိုင်မာသောအမှုများ၊ နိုင်ငံတကာ တရားရုံးများတွင် အရေးယူဆောင်ရွက်ရန် IIMM ထံ ပေးပို့ထားရှိမှုအခြေအနေများအပြင် တော်လှန်ရေးအင်အားစုများ ကျူးလွန်သည့် အမှုပေါင်း (၅၂၉) မှုကို ကောက်ယူထားရှိနိုင်မှုတို့ကို တင်ပြခဲ့သည်။
ထို့အပြင် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အများပြည်သူ ကြည့်ရှုလေ့လာ ကိုးကား အသုံးပြုနိုင်ရန် ထုတ်ပြန်ထားရှိသည့် အချက်အလက်သင်ပုန်း (Data Dashboards) ထုတ်ပြန်ချက်များ၊ မြေပြင်တွင် ခန့်အပ်ထားသည့် လူ့အခွင့်အရေးတာဝန်ခံများ၏ အခြေအနေများ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် အခြေခံလူ့အခွင့်အရေးသင်တန်း၊ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်း သင်တန်း၊ စစ်သည်တော် ကျင့်ဝတ်၊ အမျိုးသမီးနှင့် ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်မှု သင်တန်း၊ လူ့အခွင့်အရေး ဆရာဖြစ်သင်တန်းများကို လုပ်ဆောင်နေမှုများအားလည်း အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုထံမှ တိုင်ကြားမှုများအား ကိုင်တွယ်ဆောင်ရွက်နေသည့် အခြေအနေများ၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်လျက် ရှိသည့် အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် အလုပ်သမားရေးရာကော်မတီ၊ ပညာရေးကော်မတီ၊ ဖက်ဒရယ်ရေးရာကော်မတီနှင့် ပြည်သူ့ရေးရာကော်မတီတို့က လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးကြကာ အစည်းအဝေးအား ရပ်နားခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ အဖွဲ့ဝင်များ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw



