ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမျိုးသား ညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းတင်ပြခြင်းအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့၊ ည (၁၉:၀၀)နာရီတွင် ဗီဒီယို ကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။
အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကား ပြောကြား၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က လက်ရှိကာလတွင် ဝန်ကြီးဌာနအနေဖြင့် ဒေသတွင်းနှင့် မဟာဗျူဟာ မိတ်ဖက်နိုင်ငံများနှင့် ဆက်သွယ်ဆောင်ရွက်မှုများ၊ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးတို့၏ နိုင်ငံတကာ မဟာဗျူဟာ မဟာမိတ်များနှင့် တွေ့ဆုံဆွေးနွေးမှုများ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ချိတ်ဆက်ဆောင်ရွက်ချက်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာနများ၊ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ပြန်လည်သုံးသပ်ခြင်းအစီအစဥ်များ၊ တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့်စပ်လျဥ်းသည့် ကိစ္စများအား ရှင်းလင်းတင်ပြခဲ့သည်။ ဝန်ကြီးဌာန၏ ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသည့် အဖွဲ့ဝင်များ က ဆွေးနွေးမေးမြန်းအကြံပြုခဲ့ကြသည်။
ထို့နောက် ရေးရာကော်မတီများက ကော်မတီလုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်ထားရှိမှုများအား တင်ပြဆွေးနွေး၍ အစည်းအဝေးအား (၂၃:၀၀)နာရီတွင် ရုပ်သိမ်းခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw


