၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၇/၂၀၂၅)တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းက အဖွင့်အမှာစကား ပြောကြားကာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် က ဝန်ကြီးဌာန၏ နိုင်ငံခြားရေးကဏ္ဍတွင် နိုင်ငံခြားရေးမူဝါဒ၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ ဖြစ်ပေါ်ပြောင်းလဲမှု၊ လက်ရှိ NUG ၏ နိုင်ငံခြားရေးမူဝါဒ အခြေခံများ၊ တော်လှန်ရေးကာလအတွင်း ဦးစားပေးဆောင်ရွက်ရန် လုပ်ငန်းတာဝန်များ၊ Strategic Planning (Review & Forward)၊ နိုင်ငံတကာဆက်ဆံရေး အခြေအနေများ၊ မဟာမိတ်များနှင့် ဆက်ဆံမှုအခြေအနေများနှင့် လုပ်ငန်းများ နောက်ဆုံးဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။
ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် ဥပဒေရေးရာကော်မတီနှင့် ပြည်သူ့ရေးရာကော်မတီတို့က တင်ပြဆွေးနွေးကြကာ အစည်းအဝေးအား ရပ်နားခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ တက်ရောက်ခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw



