မူလ / နွေဦးတော်လှန်‌ရေး အသံတိတ်သပိတ်တွင် ညီညွတ်စွာစုစည်းတော်လှန်ခဲ့ကြသည့် ပြည်သူလူထုသို့ ပေးပို့သည့် သဝဏ်လွှာ

နွေဦးတော်လှန်‌ရေး အသံတိတ်သပိတ်တွင် ညီညွတ်စွာစုစည်းတော်လှန်ခဲ့ကြသည့် ပြည်သူလူထုသို့ ပေးပို့သည့် သဝဏ်လွှာ

ရက်စွဲ။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်

၁။ ပြည်သူလူထုရွေးချယ်တင်မြှောက်ထားသည့် ပြည်သူ့အစိုးရထံမှ အတင်းအဓမ္မ အာဏာ သိမ်းယူခဲ့ပြီး လက်နက်အားကိုးဖြင့် ပြည်သူ့ဆန္ဒသဘောထားကို ဆန့်ကျင်၍ တိုင်းပြည်ကို အုပ်ချုပ်ရန် လုပ်ဆောင်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ရဟန်းရှင်လူ ပြည်သူများက နည်းလမ်းမျိုးစုံဖြင့် စတင်ဆန့်ကျင်တော်လှန်ခဲ့သည့် နွေဦးတော်လှန်ရေးကြီး တစ်နှစ်ပြည့် မြောက်သည့်နေ့တွင် အသံတိတ်သပိတ်ဖြင့် ဆန့်ကျင်တော်လှန်မှုတွင် ပါဝင်ခဲ့ကြသော ပြည်သူ အပေါင်းအား တန်ဖိုးထားစွာ ကျေးဇူးတင်ရှိပါသည်။

၂။ အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခြိမ်းခြောက်မှုအမျိုးမျိုးဖြင့် ပြည်သူလူထုအား အကြောက်တရားသွင်း၍ ဖိနှိပ်လာခဲ့သည်မှာ ကာလကြာရှည်သည့်တိုင် တော်လှန်ရေးစိတ်ဓာတ် ပျက်ပြားမသွားဘဲ စည်းလုံးညီညွတ်စွာဖြင့် အုံကြွတွန်းလှန်နေကြသည်မှာ အလွန်လေးစားဖွယ် ဖြစ်ပါသည်။ နွေဦးတော်လှန်ရေး အစဦးပိုင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သည့်အဆင့်မှ ယနေ့ကဲ့သို့ စစ်ကောင်စီကို အမြစ်ဖြတ်မည့် တော်လှန်ရေးကြီးတစ်ရပ်သို့ အရှိန်ပြင်းပြင်း ကူးပြောင်းလာနိုင်ခဲ့ခြင်းသည် ပြည်သူတို့၏ ကြီးမားသည့် အောင်မြင်မှုကြီးတစ်ရပ် ဖြစ်ပါသည်။

၃။ ၂၀၂၂ ခုနှစ်သည် တော်လှန်ရေး အရှိန်မြှင့်ပြီး စစ်အာဏာရှင်များကို အပြီးသတ် မောင်းထုတ်မည့်နှစ် ဖြစ်သည့်အားလျော်စွာ အဖက်ဖက်မှ ယိုယွင်းပျက်စီးနေသည့် စစ်ကောင်စီ တပ်များသည် ပိုမိုရက်စက်ကြမ်းကြုတ်သော၊ လူမဆန်ရိုင်းစိုင်းသော ဖိနှိပ်မှုများ၊ သတ်ဖြတ်မှုများ ပိုမိုလုပ်ဆောင်လျက် တိုင်းပြည်အေးချမ်းနေသယောင် ကမ္ဘာသို့လှည့်စားရန် ကြိုးပမ်းလျက် ရှိပါသည်။

၄။ သို့သော် ပြည်သူလူထုက အကြမ်းဖက်စစ်တပ်အား ရဲရဲဝံ့ဝံ့ ခုခံဆန့်ကျင်တော်လှန်လျက် ရှိပြီး ပြည်သူတို့၏ စည်းလုံးညီညွတ်မှုကြောင့် ယနေ့ နိုင်ငံတစ်ဝှမ်း တိတ်ဆိတ်စွာ တက်ညီ လက်ညီ ဆင်နွှဲခဲ့သည့် အသံတိတ်သပိတ်သည်လည်း ကမ္ဘာက စောင့်ကြည့်ရသည်အထိ အောင်မြင်ခဲ့ပြီး လူသတ်စစ်ခေါင်းဆောင်များကိုလည်း တုန်လှုပ်ခြောက်ခြားအောင် ပြုလုပ်နိုင်ခဲ့ သည်မှာ ၎င်းတို့၏ ဆောင်ရွက်ချက်များတွင် ထင်ထင်ရှားရှား မြင်တွေ့နိုင်ပါသည်။

၅။ ယနေ့ ဆင်နွှဲခဲ့ကြသည့် အာဏာဖီဆန်ရေး အသံတိတ်သပိတ်မှတစ်ဆင့် နိုင်ငံတကာ အသိုက်အဝန်းသို့ တောင်းဆိုခဲ့သည့် နွေဦးတော်လှန်ရေးအတွက် အရေးပါထိရောက်သော တောင်းဆိုချက် (၈) ချက်ကို ထောက်ခံကြိုဆိုပါကြောင်းနှင့် ၂၀၂၂ ခုနှစ်တွင် အောင်ပွဲနှင့်အတူ ပြည်တော်ပြန်ဝင်နိုင်ကြစေရန် ပြည်သူနှင့်အတူ ရပ်တည်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီက ကြိုးပမ်းဆောင်ရွက်သွားပါမည်ဟု ကတိပြုလျက် ပြည်သူလူထု၏ စည်းလုံးမှုဖြင့် ဆင်နွှဲခဲ့သည့် အသံတိတ်သပိတ် အောင်မြင်ခြင်းအတွက် အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဤသဝဏ်လွှာပေးပို့၍ ဂုဏ်ပြုအပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top