၂၀၂၃ ခုနှစ်၊ မတ်လ ၂၀ ရက်
၁။ ယနေ့ကျရောက်သည့် (၃၅)နှစ်မြောက် ချင်းတော်လှန်ရေးနေ့တွင် ချင်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့်တကွ ပြည်သူများအားလုံး၏ မဆုတ်မနစ် ဇွဲသတ္တိကြီးမားစွာဖြင့် မတူကွဲပြားမှုများအား တူညီခွန်အားအဖြစ် အသုံးချ၍ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် သစ်သို့ လျှောက်လှမ်းရာ ခရီးလမ်းတွင် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် မိမိတို့၏ တည်ကြည် ခိုင်မာသော ယုံကြည်ချက်အား အမြန်ဆုံးအကောင်အထည်ဖော်ဆောင်နိုင်ပါစေကြောင်း ဆုတောင်း စကား ပါးအပ်ပါသည်။
၂။ ချင်းတိုင်းရင်းသားများသည် စုံလင်သော လူမျိုးစုများစွာဖြင့် စုစည်းတည်ရှိခဲ့ကြပြီး အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်ကာ သမိုင်းတစ်လျှောက်တွင် သူ့ကျွန်မခံလိုစိတ်၊ နယ်ချဲ့ ဆန့်ကျင်ရေးစိတ်ဓာတ်များ ပြည့်ဝသည့် လူမျိုးများအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ အမျိုးသား တန်းတူညီမျှမှု၊ လွတ်လပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အတွက် အာဏာရှင်အဆက်ဆက်အား ခုခံတွန်းလှန်ရင်းဖြင့် ၁၉၈၈ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့တွင် ချင်းအမျိုးသားတပ်ဦးကို ဖွဲ့စည်း၍ တော်လှန်စစ်ကို ညီညွတ်စွာ စတင်ခဲ့သည်မှာ ယနေ့ (၃၅) နှစ် တိုင်ခဲ့ပြီ ဖြစ်ပါသည်။
၃။ ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာကြာ အာဏာရှင်စနစ်ဆိုးအား ဆန့်ကျင်ရန် တော်လှန်ရေးတိုက်ပွဲများတွင်သာမက ယခု နွေဦးတော်လှန်ရေးတပ်ဦးတွင် ကဏ္ဍအသီးသီး၌ တက်ကြွစွာ စုစည်းလှုပ်ရှားပါဝင်ခဲ့ကြသည့် သွေးချင်းညီနောင် ချင်းတော်လှန်ရေး ခေါင်းဆောင် ကြီးများ၊ ချင်းမျိုးချစ်ကျောင်းသားလူငယ်များ၊ မတူညီသော နေရာဒေသများတွင် မှီတင်းနေထိုင် နေကြသော ချင်းတိုင်းရင်းသားများအားလုံး၏ ခိုင်မာတည်ကြည်သော တော်လှန်ရေးစိတ်ဓာတ်အား၊ ဒီမိုကရေစီလူထုလှုပ်ရှားမှုအင်အားနှင့် ကိုယ်ကျိုးစွန့် အသက်ပေးတာဝန်ထမ်းဆောင်မှု ခွန်အား တို့သည် လွန်စွာ ဂုဏ်ယူထိုက်သည်ကို ဖော်ပြလိုပါသည်။
၄။ ချင်းတိုင်းရင်းသား ပြည်သူပြည်သားများအပါအဝင် မိမိတို့ဒီမိုကရေစီ တော်လှန်ရေး အင်အားစုအားလုံး၏ ခိုင်မာသောစည်းလုံးညီညွတ်မှုခွန်အားဖြင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် သစ်ဆီသို့ အတူတကွလျှောက်လှမ်းနိုင်မည့် ဤနွေဦးတော်လှန်ရေးအောင်ပွဲအား အခက်အခဲ အတားအဆီးများကြားမှ ရင်ဆိုင်ကျော်ဖြတ်နိုင်မည်ဟု လေးနက်စွာယုံကြည်လျက် (၃၅) နှစ်မြောက် ချင်းတော်လှန်ရေးနေ့သဝဏ်လွှာ အား ဂုဏ်ယူစွာ ပေးပို့အပ်ပါသည်။
The Committee Representing Pyidaungsu Hluttaw