ရက်စွဲ။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်
၁။ ကရင်တိုင်းရင်းသားများအနေဖြင့် လွတ်လပ်ရေး၊ တန်းတူညီမျှရေး၊ ဒီမိုကရေစီ ရရှိရေး၊ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးတို့ကို အခြေခံ၍ ကရင်ပြည်နယ်အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့ကြသော ယနေ့ ထူးမြတ်သည့် ကရင်အမျိုးသားနေ့တွင် ကရင်တိုင်းရင်းသား များနှင့်တကွ ပြည်သူတစ်ရပ်လုံး အေးချမ်းသာယာ၍ ဘေးကင်းကြပါစေကြောင်း ဆုတောင်း အပ်ပါသည်။
၂။ ဒုတိယကမ္ဘာစစ်ပြီးချိန်တွင် ကရင်တိုင်းရင်းသားများသည် ကရင်ပြည်နယ် ရရှိရေး တောင်းဆိုခဲ့ကြပြီး လွတ်လပ်ရေး ရပြီးချိန်တွင် ပြည်နယ်အဆင့်ပင်မရရှိခဲ့ကြသည့်အတွက် အမျိုးသားရေးလှုပ်ရှားမှုများ ပိုမိုအားကောင်းလာကာ ကရင်ကံကြမ္မာ ကရင်ဖန်တီးခွင့် ရရှိရေး အတွက် ၁၉၅၃ ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့မှ (၂၅)ရက်နေ့ထိ ဖာပွန်တွင် ကျင်းပသော ကော်သူလေးပြည်လုံးဆိုင်ရာ ကွန်ဂရက်မှ ကရင်ပြည်နယ်ရရှိရေး ဆန္ဒထုတ်ဖော်ခဲ့သည့် ဖေဖော် ဝါရီလ(၁၁)ရက်ကို ကရင်အမျိုးသားနေ့အဖြစ် ကျင်းပလာခဲ့သည်မှာ ယနေ့အချိန်ထိ ဖြစ်ပါသည်။
၃။ ကရင်တမျိုးသားလုံး၏ စည်းလုံးညီညွတ်မှုနှင့်အတူ ကရင်အမျိုးသား၊ အမျိုးသမီး ပေါင်း (၄)သိန်းကျော် ပိုစတာများ ကိုင်ဆောင်၍ အသံတိတ်ဆန္ဒပြသည့် ကရင်အမျိုးသားရေး လှုပ်ရှားမှုကြီးသည် နိုင်ငံရေး သမိုင်းတစ်စု၊ သာမန်လူတစ်စု၏လှုပ်ရှားမှု မဟုတ်ဘဲ တမျိုးသား လုံး၏ လှုပ်ရှားမှုလက္ခဏာဖော်ဆောင်သည့် မြန်မာပြည်သမိုင်းတွင် မှတ်ကျောက်တင်သော စည်းကမ်းအရှိဆုံး ဆန္ဒပြပွဲအဖြစ် ဂုဏ်ယူဖော်ပြအပ်ပါသည်။
၄။ ကရင်လူမျိုးများသည် အာဏာရှင်အဆက်ဆက်ကို နှစ်ပေါင်း (၇၀)ကျော်ကြာ ခုခံတော်လှန်ခဲ့ကြပြီး အာဏာရှင်များ၏ ဖိနှိပ်အကြမ်းဖက်မှုများ၊ လုပ်ကြံသတ်ဖြတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ခံစားခဲ့ကြရပြီး လက်ရှိအချိန်တွင်လည်း နေရပ်ဒေသများကို စွန့်ခွာ၍ စစ်ဘေးရှောင်နေကြရသည်။ မြန်မာနိုင်ငံအတွင်းရှိ ကရင်တိုင်းရင်းသားများသာမက နိုင်ငံတကာတွင် ရောက်ရှိနေသည့် ကရင်တိုင်းရင်းသားများက နိုင်ငံတစ်ဝှမ်းမှ တိုင်းရင်းသား ညီနောင်များနှင့်အတူ မပြီးပြတ်သေးသည့် တော်လှန်ရေးကို ဆက်လက်တိုက်ပွဲဝင်ဆင်နွှဲလျက် ရှိပြီး ကျောင်းသားလူငယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံရေးအင်အားစုများအား နွေးထွေးစွာ ကြိုဆိုစောင့်ရှောက်ပေးကာ နွေဦးတော်လှန်ရေးအောင်မြင်စေရန် အစွမ်းကုန် လက်တွဲ ကူညီ ပေးခဲ့မှုများအတွက် ပြည်သူများက အထူးကျေးဇူးတင်လျက်ရှိကြောင်း ဖော်ပြအပ်ပါသည်။
၅။ စစ်အာဏာရှင်များနှင့် ၎င်းတို့၏စနစ်ဆိုးများ မြန်မာ့မြေပေါ်မှ အပြီးတိုင် ပပျောက်စေ ရေးနှင့် ကရင်တိုင်းရင်းသားများနှင့် ပြည်သူအားလုံးက မျှော်လင့်တောင့်တနေသည့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ တန်းတူအခွင့်အရေးများ ရရှိရန် အာမခံချက် အပြည့်အဝပေးနိုင်သည့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် အမြန်ဆုံး တည်ဆောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် ဤ(၇၄)နှစ်မြောက်ကရင်အမျိုးသားနေ့သဝဏ်လွှာအား ပေးပို့အပ်ပါသည်။
The Committee Representing Pyidaungsu Hluttaw

