မူလ / (၇၄) နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

(၇၄) နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်

၁။      ယနေ့ကျရောက်သည့်(၇၄)နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ အချိန်အခါ သမယတွင် ကရင်တိုင်းရင်းသားများအားလုံးနှင့်တကွ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ဘေး အန္တရာယ်အပေါင်းမှ ကင်းဝေး၍ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သအပ်ပါသည်။

၂။       ခေတ်အဆက်ဆက်တိုင် စစ်အာဏာရှင်တို့၏ မတရားမှု၊ ဖိနှိပ်မှု၊ အကြမ်းဖက် လုပ်ရပ် များအား ကရင်တိုင်းရင်းသားများအနေဖြင့်   ရဲရဲဝင့်ဝင့် ဆန့်ကျင်တော်လှန်ခဲ့ကြပြီး ယနေ့နွေဦး တော်လှန်ရေး အဆုံးသတ်တိုက်ပွဲတွင်လည်း ကရင်အမျိုးသားခေါင်းဆောင်များနှင့် ညီနောင် ကရင်တိုင်းရင်းသားအပေါင်းတို့သည် နိုင်ငံတစ်ဝှမ်းမှ တိုင်းရင်းသားညီနောင်များနှင့်အတူ ဖက်စစ် စစ်အာဏာရှင်စနစ်ဆိုးအား မြန်မာ့မြေပေါ်မှ အမြစ်ပြတ် တိုက်ထုတ်ရာတွင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲ ဝင်လျက်ရှိပါသည်။ နွေဦးတော်လှန်ရေးတွင် တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ကြသော ကရင် တိုင်းရင်းသားအာဇာနည် သူရဲကောင်းများအား မိမိတို့အနေဖြင့် အစဥ်လေးစား ဂုဏ်ယူလျက် ရှိပါသည်။

၃။      နွေဦးတော်လှန်ရေးကာလတလျောက်တွင် ရင်ဆိုင်ကြုံတွေ့ကြရသော အခက်အခဲ စိန်ခေါ် မှုများအား ဉာဏ်အမြော်အမြင်ကြီးစွာဖြင့် ကျော်ဖြတ်ကာ မိမိနိုင်ငံနှင့် မိမိလူမျိုးအတွက် လွတ်လပ်၍ တရားမျှတသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ဆီသို့ တော်လှန်ရေးအင်အားစု အားလုံး စည်းလုံးညီညွတ်စွာ ရှေ့ဆက်ချီတက်နိုင်ခဲ့ကြသည်မှာ မိမိတို့ပြည်သူလူထု၏ စည်းလုံး ညီညွတ်မှုအင်အားကြောင့်သာဖြစ်ပါသည်။ ထိုစည်းလုံးညီညွတ်မှုအင်အားကိုလည်း မည်သည့် အာဏာရှင်ကမျှ သွေးခွဲသပ်လျှိုပြုလုပ်နိုင်မည်မဟုတ်ဘဲ နိုင်ငံတကာကပင် တန်ဖိုးထား လေးစား လျက်ရှိပါသည်။

၄။ နှစ်ပေါင်းများစွာကြာ ကရင်အမျိုးသား တော်လှန်ရေးခေါင်းဆောင်ကြီးများ မျှော်လင့် တောင့်တခဲ့ကြသော အရောင်အသွေးစုံလင်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် အမြန်ဆုံး ပေါ်ပေါက်ရေး တူညီသောခံယူချက်သဘောထားများဖြင့် ရှေ့ဆက်လျှောက်လှမ်း၍ မိမိတို့ အားလုံး လက်တွဲကြိုးပမ်းသွားနိုင်စေရန် အလေးအနက် ဆန္ဒပြုလျက် ဤ (၇၄) နှစ်မြောက် ကရင် အမျိုးသားတော်လှန်ရေးနေ့ သဝဏ်လွှာ အား ပေးပို့အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top