ရက်စွဲ။ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်
၁။ ယနေ့ကျရောက်သည့် (၇၄) နှစ်မြောက်ကရင်နီတပ်မတော်နေ့ အချိန်အခါသမယတွင် ကရင်နီတစ်မျိုးသားလုံး၏ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ တန်းတူညီမျှမှု၊ တရားမျှတမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်စသည့် ကရင်နီတပ်မတော်၏ ရည်မှန်းချက်များ အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်းဆန္ဒပြုလိုက်ပါသည်။
၂။ ကရင်နီပြည်သည် ၁၉၄၈ မြန်မာနိုင်ငံလွတ်လပ်ရေးမရမီအချိန်ကာလကပင် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်အပြည့်အဝရှိ၍ သီးခြားလွတ်လပ်သော ပြည်နယ်တစ်ခုဖြစ်ပါသည်။ ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည့်နောက် ဖဆပလတပ်များသည် ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့တွင် ဦးဘီတူရီခေါင်းဆောင်သော မြလဲရွာမှာအခြေစိုက်ရာနေရာကို ဝင်ရောက်တိုက်ခိုက်သည့်အတွက် ပြန်လည်ခုခံတော်လှန်ရင်း တကွဲတပြားစီဖြစ်သွားပြီး ဩဂုတ်လ ၁၇ ရက်နေ့တွင် တပ်မတော်တစ်ရပ် ပြန်လည်ဖွဲ့စည်းနိုင်ခဲ့သည့်အတွက်ကြောင့် ကရင်နီတပ်မတော်နေ့အဖြစ်သတ်မှတ်ခဲ့ရာ ယနေ့ဆိုလျှင် (၇၄) နှစ်တိုင်ရှိခဲ့ပြီဖြစ်ပါသည်။
၃။ ခေတ်အဆက်ဆက် တော်လှန်ရေးတိုက်ပွဲများတွင်ကျဆုံးသွားခဲ့ကြသည့် ကရင်နီ ခေါင်းဆောင်ကြီးများနှင့် တော်လှန်ရေးသူရဲကောင်းရဲဘော်အပေါင်းတို့အား ပြည်ထောင်စု၏ သူရဲကောင်းများအဖြစ် လေးစားစွာဂုဏ်ပြုဦးညွှတ် အလေးပြုအပ်ပါသည်။ အကြမ်းဖက်အာဏာသိမ်း ပြီးနောက် အကြမ်းဖက် ဖက်ဆစ်စစ်တပ်၏ လူမဆန်သောသတ်ဖြတ်ဖိနှိပ်မှုများကြောင့် အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ ဆုံးရှုံးခဲ့ကြသည့် ကရင်နီတိုင်းရင်းသားများအတွက် များစွာစိတ်မကောင်းဖြစ်ရ ပါသည်။
၄။ ပြည်ထောင်စုလွှတ်ကိုယ်စားပြုကော်မတီအနေဖြင့် ဖိနှိပ်မှုမျိုးစုံဖြင့်ရင်ဆိုင်ကြုံတွေ့နေရ သည့်တိုင် အကြမ်းဖက်စစ်အာဏာရှင်များအား ရဲဝံ့စွာဆန့်ကျင်တော်လှန်လျက်ရှိသည့် ကရင်နီ တော်လှန်ရေးအဖွဲ့အစည်းများနှင့်အတူတိုင်းရင်းသားလူမျိုးစုအားလုံး မျှော်လင့်တောင့်တနေကြသည့် ကောင်းမွန်သောနိုင်ငံနှင့် လူထုအနာဂတ်ဘဝကို လှပစွာဖန်တီးပေးနိုင်မည့် တန်းတူညီမျှသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်အမြန်ဆုံးတည်ဆောက်သွားနိုင်ရေးအတွက် ခိုင်ခိုင်မာမာရပ်တည်ကာ လက်တွဲကြိုးပမ်းသွားပါမည်ဖြစ်ကြောင်း ကတိပြုလျက် ဤ (၇၄) နှစ်မြောက်ကရင်နီတပ်မတော်နေ့ သဝဏ်လွှာအား ပေးပို့အပ်ပါသည်။
The Committee Representing Pyidaungsu Hluttaw