ရက်စွဲ။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်
၁။ ယနေ့သည် ကချင်တစ်မျိုးသားလုံးက တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံသော ဖက်ဒရယ်ပြည်ထောင်စုစနစ်ရရှိရေး မတရားဖိနှိပ်အုပ်ချုပ်မှုများကို ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်တွင် စ၍ လက်နက်စွဲကိုင်တော်လှန်ခဲ့ကြသည်မှာ (၆၁) နှစ်ပြည့်မြောက် ခဲ့ပြီဖြစ်ပါသည်။ ယနေ့ကျရောက်သည့် (၆၁) နှစ်မြောက် ကချင်တော်လှန်ရေးနေ့မှစကာ ကချင်တိုင်းရင်းသားများနှင့်တကွ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် အောင်မြင်သော တော်လှန်ရေးနိဂုံးသို့ အမြန်ဆုံး ရောက်ရှိပါစေကြောင်း ဆုတောင်းအပ်ပါသည်။
၂။ ကိုယ်ပိုင် စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ ထုံးတမ်းစဉ်လာစသည့် အမျိုးသားအမွေအနှစ်များစွာ ပိုင်ဆိုင်ထားသည့် ကချင်တိုင်းရင်းသားများသည် နယ်ချဲ့ကိုလိုနီ လက်ထက်နှင့် ပြည်သူတို့အပေါ်၌ မတရားဖိနှိပ်အုပ်ချုပ်ခဲ့သည့် စစ်အာဏာရှင် အဆက်ဆက် အား စစ်ဘေးစစ်ဒဏ်ကို ကြံ့ကြံ့ခံကာ တော်လှန်တိုက်ခိုက်ခဲ့သည့်အပြင် ယခုနွေဦးတော်လှန်ရေး တွင် အခြားညီနောင်တိုင်းရင်း သားများနှင့်အတူ ဦးဆောင်ကဏ္ဍမှ အဓိက ပါဝင်လျက်ရှိပါသည်။
၃။ တိုင်းရင်းသားပြည်သူများ၏ ဆန္ဒကို ပစ်ပယ်လျက် ၎င်းတို့ကိုယ်ကျိုးစီးပွားအတွက် ပြည်သူ့အာဏာကို လက်နက်အားကိုး သိမ်းယူကာ ဖိနှိပ်အုပ်ချုပ်ကြသည့် စစ်အာဏာရှင်စနစ် ဆိုးကို ဆန့်ကျင်တော်လှန်နေကြသည့် ကျောင်းသားလူငယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံ ရေးအင်အားစုများအား နွေးထွေးစွာကြိုဆိုစောင့်ရှောက်လျက်ရှိသည့် ကချင်တိုင်းရင်းသားများ အား တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကိုယ်စား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ က အထူးကျေးဇူးတင်လျက်ရှိကြောင်း ဖော်ပြအပ်ပါသည်။
၄။ တိုင်းပြည်၏ အနာဂတ်၊ ပြည်သူများ၏ အနာဂတ်အတွက် နိုင်ငံရေးနည်းအရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ကာ တွေ့ဆုံညှိနှိုင်းခဲ့ကြသော်လည်း လက်နက်အားကိုး၍ ကျင့်ဝတ်မညီသည့် ဖက်ဆစ်စစ်တပ်၏ အာဏာရှင်ဆန်မှုများကြောင့် ပြည်သူအများ ဖိနှိပ်မှု များ၊ အကြမ်းဖက်မှုများ နှစ်ရှည်လများ ခံစားခဲ့ရပါသည်။ ပြည်သူ့အာဏာကို မတရားသော နည်းလမ်းဖြင့် အဓမ္မလုယူသွားခဲ့သည့် ယခုကာလတွင် နိုင်ငံအဝှမ်းရှိ ပြည်သူအပေါင်းက ဖိနှိပ်မှုများကို အံတုလျက် ကျရာကဏ္ဍမှ တိုက်ပွဲဝင်နေကြပြီဖြစ်ပြီး ရရှိထားသည့် စည်းလုံး ညီညွတ်မှုအပေါ် အခြေတည်ကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အတွက် အဆင်သင့် ရှိနေကြပြီဖြစ်ပါသည်။
၅။ နှစ်ပေါင်း (၇၀) ကျော်ကြာ အမြစ်တွယ်ခဲ့သည့် အာဏာရှင်စနစ်ကို အပြီးသတ် ပပျောက်စေပြီး ပြည်ထောင်စုတိုင်းရင်းသားများ အားလုံးအတွက် စစ်မှန်သော တန်းတူညီမျှမှု၊ တရား မျှတမှုရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးသို့ ဦးတည်သည့် တော်လှန်ရေး ခရီးကြမ်းတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကိုယ်ကျိုးမဖက်ဘဲ တိုင်းရင်းသား ညီနောင်များနှင့်အတူတကွ လက်တွဲ လျှောက်လှမ်းသွားမည်ဖြစ်ပါကြောင်း ကတိပြုလျက် ဤ (၆၁) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ သဝဏ်လွှာအား ပေးပို့အပ်ပါသည်။
The Committee Representing Pyidaungsu Hluttaw

