မူလ / (၂၇၆၁) နှစ်မြောက် ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

(၂၇၆၁) နှစ်မြောက် ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

ကရင်နီသက္ကရာဇ် ၂၇၆၁ ခုနှစ် လဲဟျာလ ၁ ရက်

၁။ ယ‌နေ့ကျရောက်သည့် ကောင်းမြတ်သောနေ့ထူးနေ့မြတ် ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့တွင် ကရင်နီအမျိုးသားများနှင့်တကွ တိုင်းရင်းသားပြည်သူများအားလုံး စိတ်သစ်လူသစ်ဖြင့် တွေ့ကြုံခံစားနေကြရသောအခက်အခဲများကို ရင်ဆိုင်ကျော်လွှားရင်း မတရားမှုမှန်သမျှ အဆုံးသတ်ရန် ကိုယ်စီခွန်အားများဖြင့် စုပေါင်းဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သအပ်ပါသည်။

၂။ ကိုယ်ပိုင်စာပေ၊ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ ပိုင်ဆိုင်ထားသည့် ကရင်နီ လူမျိုးများသည် ဘီစီ ၇၃၉ ခုနှစ်တွင် မွန်ဂိုလီးယားနိုင်ငံ၊ ဂိုဘီ သဲကန္တာရဒေသမှ ရွေ့ပြောင်းလာခဲ့ကြပြီး ကရင်နီပြည်နယ်ကို တည်ထောင်၍ နေထိုင်လာခဲ့ကြပါသည်။ ကရင်နီလူမျိုးတို့ မူလနေထိုင်ရာဒေသမှ စတင်ထွက်ခွာလာခဲ့သည့်နှစ်ကို အစွဲပြု၍ ရေတွက်သော ကရင်နီ သက္ကရာဇ်သည် ယနေ့တွင် ၂၇၆၁ ခုနှစ်မြောက်သို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။

၃။ လူသတ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်အာဏာရှင်တို့သည် နိုင်ငံတော်၏ အာဏာကို လက်နက်အားကိုးဖြင့် ဥပဒေမဲ့ သိမ်းယူခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်း မတရားဖိနှိပ်အနိုင်ကျင့် သတ်ဖြတ်လျက်ရှိရာ မတရားမှုများကို ရဲဝံ့စွာ ဆန့်ကျင် တော်လှန်နေသည့် ကရင်နီပြည်နယ်သည် အုးရွားဆုံး ဖိနှိပ်ခံနေရပြီး ကရင်နီလူမျိုးများသည်လည်း ဥပဒေမဲ့ ဖမ်းဆီးခံနေရခြင်း၊ လူမဆန်စွာ သတ်ဖြတ်ခံနေခြင်းများကို ခါးသီးစွာ ခံစားကြုံတွေ့နေရပါသည်။

၄။ အင်အားအလွန်အကျွံသုံး၍ တိုက်ခိုက်ခံနေရသည့်အပြင် ဘာသာရေးအဆောက်အအုံများအပါအဝင် ကရင်နီတိုင်းရင်းသားတို့၏ ကျေးရွာ၊ နေအိမ်များ၊ ပိုင်ဆိုင်မှုများကို အကြမ်းဖက် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ကရင်နီတိုင်းရင်းသားတို့နှင့် ကရင်နီ ပြည်နယ်တွင် နေထိုင်ကြသည့် ပြည်သူတို့သည် ပြည်တွင်းရှိ တောတောင်များနှင့် နယ်စပ်များတွင် ထွက်ပြေးတိမ်းရှောင်နေရပြီး အခက်အခဲအကြပ်အတည်းများကြားတွင် ကြိုးစားရှင်သန် ရပ်တည်နေရလျက်ရှိပါသည်။

၅။ ထိုကဲ့သို့သော အခက်အခဲ၊ စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည့်တိုင် စစ်ကောင်စီအပေါ် ခုခံတွန်းလှန်စစ်ကို ရဲရင့်စွာ ဆင်နွှဲနေကြရသည့် ကရင်နီတိုင်းရင်းသားခေါင်းဆောင်တို့၏ အမြော်အမြင်ကြီးမားမှုနှင့် ကရင်နီပြည်သူတို့၏ နိုင်ငံတော်အပေါ် ချစ်မြတ်နိုးမှု၊ အချင်းချင်း စည်းလုံးညီညွတ်မှုနှင့် ရဲရင့်မှုတို့အား လေးစားစွာ အသိအမှတ်ပြု ဂုဏ်ယူပါကြောင်း ဖော်ပြအပ်ပါသည်။ စစ်တလင်းပြင်ဖြစ်နေသော်လည်း ရဲဝင့်စွာ တော်လှန်နေကြသည့် ကရင်နီတော်လှန်ရေးအင်အားစုများ၊ ပြည်သူများနှင့် စစ်ဘေးရှောင်ကရင်နီပြည်သူများအတွက် လိုအပ်သည့် အကူအညီများကို ဝိုင်းဝန်းပံ့ပိုးကူညီကြရန်လည်း ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားပြည်သူများနှင့် အဖွဲ့အစည်းများအား တောင်းဆိုတိုက်တွန်းအပ်ပါသည်။

၆။ ကရင်နီတစ်မျိုးသားလုံးနှင့်အတူ တိုင်းရင်းသားပြည်သူအပေါင်း၏ ဘုံရည်မှန်းချက်ဖြစ်သည့် အတူတကွ အေးအတူပူအမျှ ယှဉ်တွဲနေထိုင်လျက် ဖွံ့ဖြိုးတိုးတက်၍ ငြိမ်းချမ်းသာယာသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်အား အမြန်ဆုံး တည်ဆောက်နိုင်ရေး ကျရာ အခန်းကဏ္ဍများတွင် တက်ညီလက်ညီတာဝန်များ ထမ်းဆောင်ရင်း နွေဦးတော်လှန်ရေး ခရီးကြမ်းမှသည် အောင်မြင်သော တော်လှန်ရေးပန်းတိုင်သို့ ရှေ့ဆက်ချီတက်ကြပါစို့ဟု တိုက်တွန်းရင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top