၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်
၁။ မင်္ဂလာအပေါင်းနှင့်ပြည့်ဝလှသော (၇၉) နှစ်မြောက် ရှမ်းအမျိုးသားနေ့ (ရှမ်းပြည်နယ်နေ့) တွင် ရှမ်းတိုင်းရင်းသားများနှင့်တကွ တိုင်းရင်းသားသွေးချင်းများအားလုံး ကျန်းမာရွှင်လန်းကြပါစေကြောင်းနှင့် အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးအား တိုက်ဖျက်လျက် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုအား အောင်မြင်စွာ တည်ဆောက်သွားနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
၂။ ရှမ်း၊ ကချင်၊ ချင်းတိုင်းရင်းသားခေါင်းဆောင်တို့သည် ပြည်မနှင့်အတူ အမြန် ပူးပေါင်းလျက် လွတ်လပ်ရေးကို အရယူကြမည်ဟူသော သဘောတူဆုံးဖြတ်ချက်ကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ချမှတ်ရယူနိုင်ခဲ့ကြကာ ယင်းညီညွတ်မှု၊ စုစည်းမှုအင်အားကိုလည်း ဗြိတိသျှအစိုးရက လိုက်လျောသဘောတူညီခဲ့ရသည့် သမိုင်းဝင်မှတ်တမ်းတစ်ခုလည်း ဖြစ်ပါသည်။ ယင်း နေ့ရက်အား ဂုဏ်ပြုလျက် ရှမ်းအမျိုးသားနေ့ (ရှမ်းပြည်နယ်နေ့) အဖြစ် ကျင်းပခဲ့သည်မှာ (၇၉) နှစ်တိုင် ရောက်ရှိခဲ့ပြီဖြစ်သည်။
၃။ ရှမ်းလူထုတစ်ရပ်လုံးသည် စစ်ဘေးစစ်ဒဏ်တို့အား အလူးအလဲခံကြရပြီး နေ့စဉ် လူ့အခွင့်အရေးများ ဆုံးရှုံးလျက် စစ်ဘေးရှောင်အ ခြေအနေနှင့် တွေ့ကြုံနေကြရပါသည်။ သို့သော်လည်း ရှမ်းပြည်သူတစ်ရပ်လုံးသည် ခံယူချက် ပြင်းထန်စွာဖြင့် အခြားအင်အားစုအသီးသီးနှင့် ယနေ့ထိတိုင် တော်လှန်တိုက်ပွဲဝင်လျက် စုပေါင်းအားဖြင့် ကြိုးစားနေကြဆဲ ဖြစ်ပါသည်။
၄။ ခေတ်အဆက်ဆက်တွင် မျိုးဆက်အသီးသီးတို့က လက်ဆင့်ကမ်း ပါဝင်ထမ်းဆောင်ခဲ့ကြသည့် တော်လှန်တိုက်ပွဲများတွင် စွန့်လွှတ်ပေးဆပ်ခဲ့ကြသော သူရဲကောင်းအာဇာနည်တို့၏ ဂုဏ်အရည်အချင်းတို့အား မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အလေးအနက်ထား၍ ဂုဏ်ပြုဦးညွှတ်အပ်ပါသည်။
၅။ ရှမ်းတိုင်းရင်းသားလူထုတစ်ရပ်လုံးသည် ကိုယ်ပိုင်လွတ်လပ်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ ဖန်တီးတည်ဆောက်ကာ စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေးအတွက် ဆက်လက်ကြိုးစားဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုလျက် ဤ (၇၉) နှစ်မြောက် ရှမ်းအမျိုးသား နေ့ (ရှမ်းပြည်နယ်နေ့) သဝဏ်လွှာ အား ဂုဏ်ပြုထုတ်ပြန်အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


