၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်
၁။ ယနေ့တွင် (၇၇) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သော ကရင်နီတပ်မတော်နေ့တွင် ကရင်နီ တပ်မတော်မှ ခေါင်းဆောင်များ၊ ရဲဘော်ရဲဘက်များနှင့်တကွ ကရင်နီတိုင်းရင်းသားများအားလုံး ဘေးအန္တရာယ်အပေါင်းကင်းဝေးကာ ကျန်းမာအေးချမ်းကြပါစေကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဆန္ဒပြုဆုမွန်ကောင်းတောင်းအပ်ပါသည်။
၂။ ကရင်နီတိုင်းရင်းသားခေါင်းဆောင်ကြီးများသည် ၁၉၄၈ ခုနှစ်၊ ဩဂုတ် ၁၇ ရက်နေ့တွင် ကရင်နီပြည်၏ လွတ်လပ်မှုအတွက် ကရင်နီတပ်မတော်အား စုဖွဲ့မှုခိုင်မာစွာဖြင့် တည်ထောင်နိုင်ခဲ့ကြပါသည်။ ကရင်နီတိုင်းရင်းသားတို့သည် လက်ရှိအချိန်ထိပင် တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လွတ်လပ်ခွင့်တို့အား ရရှိပုံဖော်နိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ ကရင်နီတပ်မတော်သည် ကရင်နီပြည်သူလူထုအပါအဝင် တော်လှန်ရေးညီနောင်အဖွဲ့အစည်းများနှင့် လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်လျက် အကြမ်းဖက်စစ်အာဏာရှင်တို့အား တိုက်ထုတ်လျက်ရှိသည့်အတွက် မိမိတို့အနေဖြင့် များစွာ ဂုဏ်ယူဝမ်းမြောက်ရပါသည်။
၃။ ကရင်နီတပ်မတော်အနေဖြင့် ကရင်နီတမျိုးသားလုံးအတွက် ကောင်းမွန်သော ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ ချမှတ်လျက် ပြည်သူ့အကျိုးပြုလုပ်ငန်းစဥ်များအား အောင်မြင်စွာ ဆက်လက်ကြိုးစားဆောင်ရွက်သွားနိုင်မည်ကိုလည်း ယုံကြည်ပါသည်။ ခေတ်အဆက်ဆက်နှင့် နွေဦးတော်လှန်ရေးတိုက်ပွဲများတွင် အသက်၊ သွေး၊ ချွေးများ ရင်းနှီးပေးဆပ်လျက် တာဝန်ကျေပွန် စွာ ထမ်းဆောင်ခဲ့ကြသည့် ကရင်နီတိုင်းရင်းသားအာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်ရဲဘက်များအား မိမိတို့အနေဖြင့် ဦးညွှတ်လျက် ဤ (၇၇) နှစ်မြောက် ကရင်နီတပ်မတော်နေ့ သဝဏ်လွှာအား ဂုဏ်ယူစွာ ထုတ်ပြန်အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


