၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်
၁။ ယနေ့ကျရောက်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ) ဖွဲ့စည်းတည်ထောင်ခြင်း (၃၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အချိန်အခါသမယတွင် မကဒတမှ ခေါင်းဆောင်ကြီးများ၊ ရဲဘော်များအားလုံးနှင့်အတူ တိုင်းရင်းသားပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းကင်းဝေးကာ မျှော်လင့်တောင့်တနေကြသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ အမြန်ဆုံး ရောက်ရှိကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
၂။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ) သည် ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် ရှစ်လေးလုံးအရေးတော်ပုံကြီးမှတစ်ဆင့် ပေါ်ပေါက်လာခဲ့သော ကျောင်းသားတပ်မတော်တစ်ခု ဖြစ်ပါသည်။ နှစ်ပေါင်း (၇၀) ကျော်ကြာ အမြစ်တွယ်နေသော စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တိုက်ထုတ်ရာတွင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြသကဲ့သို့ ယနေ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ပါဝင်ဆင်နွှဲလျက်ရှိသော နွေဦးတော်လှန်ရေးတွင်လည်း စွမ်းစွမ်း တမံ တိုက်ပွဲဝင်လျက်ရှိပါသည်။ တိုင်းရင်းသားပြည်သူလူထုအကျိုးကိုရှေးရှု၍ ကြိုးပမ်းဆောင်ရွက် နေခြင်းကြောင့် ရှစ်လေးလုံးအရေးတော်ပုံမှသည် ယနေ့အချိန်အထိ ခိုင်မာသော အဖွဲ့အစည်း တစ်ရပ်အဖြစ် ရပ်တည်နေနိုင်ခြင်းဖြစ်ပါသည်။
၃။ ခေတ်အဆက်ဆက် စစ်အာဏာရှင်များကိုတိုက်ထုတ်ရင်း ကျဆုံးခဲ့ကြရသော မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ) မှ အာဇာနည်သူရဲကောင်း ရဲဘော်အပေါင်းတို့အား ဤသဝဏ်လွှာမှတစ်ဆင့် ဦးညွှတ်အလေးပြုအပ်ပါသည်။
၄။ မိမိတို့တော်လှန်ရေးအင်အားစုများအနေဖြင့် အချင်းချင်း အပြန်အလှန်နားလည်မှုနှင့် လေးစားယုံကြည်မှုတို့ကို အခြေတည်ကာ ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်နေသည် သာမက စစ်သွေးကြွနေသော အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန်တိုက်ထုတ်ကြရမည် ဖြစ်ပါသည်။ သို့မှသာ တိုင်းရင်းသားပြည်သူလူထု၏ဘဝ ဘေးကင်းလုံခြုံ၍ အေးချမ်းသာယာစွာ ရှင်သန်နေထိုင် ကြရမည်ဖြစ်ပါသည်။ နွေဦးတော်လှန်ရေးအောင်ပွဲ နီးကပ်လာသည်နှင့်အမျှ သပ်လျှိုသွေးခွဲမှုများ လည်း များစွာ ကြုံတွေ့လာမည်ဖြစ်သောကြောင့် စိန်ခေါ်မှုအခက်အခဲများကို စုစည်းညီညွတ်မှု အင်အားဖြင့် တွန်းလှန်ကျော်ဖြတ်ကာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မည့် ဘုံရည်မှန်း ချက်ကို ခိုင်ခိုင်မာမာဆုပ်ကိုင်၍ ရှေ့ဆက် ချီတက်ကြမည်ကို အခိုင်အမာယုံကြည်ပါသည်။
၅။ မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် တန်းတူညီမျှခွင့်၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ အပြည့်အဝ ပေးနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်သစ်တစ်ရပ် ပေါ်ပေါက်ရေးအတွက် တိုင်းရင်းသားပြည်သူများ၊ တော်လှန်ရေးအင်အားစုများအားလုံးနှင့်အတူ ပူးပေါင်းကာ အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုအပ်ပါသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ) အနေဖြင့်လည်း တိုင်းပြည်နှင့် ပြည်သူလူထု၏ အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သော ခိုင်မာအားကောင်းသည့် အဖွဲ့အစည်းတစ်ခုအဖြစ် ပြည်သူ လူထု အားကိုးအားထားပြုရသော အဖွဲ့အစည်းအဖြစ် ကမ္ဘာတည်သရွေ့ တည်တံ့နိုင်ပါစေကြောင်း ဆန္ဒပြုရင်း ဤသဝဏ်လွှာအား ဂုဏ်ယူဝမ်းမြောက်စွာ ပေးပို့အပ်ပါသည်။
The Committee Representing Pyidaungsu Hluttaw


