မူလ / (၇၅) နှစ်မြောက် ကရင်အာဇာနည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ

(၇၅) နှစ်မြောက် ကရင်အာဇာနည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်

၁။ (၇၅) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည့် ကရင်အာဇာနည်နေ့တွင် ကရင်အမျိုးသား ခေါင်းဆောင်ကြီးများနှင့်တကွ ကရင်ပြည်သူလူထုအပေါင်းတို့သည် ကရင်အာဇာနည်သူရဲကောင်း အပေါင်း၏ ရည်မှန်းချက်ဖြစ်သော လွတ်လပ်ခွင့်၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး တို့အတွက် အပြည့်အဝဖော်ဆောင်နိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအား ညီညွတ်စွာ ဖြင့် လက်တွေ့အကောင်အထည်ဖော် တည်ဆောက်သွားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

၂။ ၁၉၅၀ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် ကရင်အမျိုးသားထု၏ ခေါင်းဆောင်ကြီး စောဘဦးကြီးနှင့် ဗိုလ်ချုပ် စောစိုင်းကေ တို့သည် ကော့ကရိတ်မြို့နယ်၊ ထိုကော်ကိုးကျေးရွာတွင် အကြမ်းဖက်စစ်အာဏာရှင်များနှင့် တိုက်ခိုက်ရင်း ကျဆုံးခဲ့ကြသည့်အတွက် ကရင်ပြည်သူအပေါင်းတို့အတွက် လွန်စွာ ဝမ်းနည်းကြေကွဲဖွယ်ရာ နေ့တစ်နေ့ဖြစ်ခဲ့ကြရပါသည်။ ကရင်ခေါင်းဆောင် ကြီးများနှင့် ကရင်တိုင်းရင်းသားအာဇာနည်များသည် ကရင်လူထုနှင့် ခံယူချက်၊ ယုံကြည်ချက်တို့ မြဲမြံစွာ ရပ်တည်လျက် တမျိုးသားလုံးအတူတကွ အဖိနှိပ်ခံအခြေအနေများမှ လွတ်မြောက်နိုင်ရန် အသက်သွေးချွေး ရုန်းကန်ပေးဆပ်ခဲ့ကြရသည့်အတွက် ယင်းနေ့အား ကရင်အာဇာနည်နေ့အဖြစ် တန်ဖိုးထားဂုဏ်ယူလျက် နှစ်စဉ် ကျင်းပခဲ့ကြသည်မှာ ယနေ့ထိတိုင်ဖြစ်ပါသည်။

၃။ ကရင်အမျိုးသားခေါင်းဆောင်ကြီးများသည် ခေတ်အဆက်ဆက်နှင့် နွေဦးတော်လှန်ရေး တွင် ပုံရိပ်ကောင်းများကို ပီပြင်စွာ ဖော်ဆောင်နိုင်ခဲ့ကြသည်မှာ ကရင်လူမျိုးများအတွက် ထာဝရ ကမ္ဗည်းမော်ကွန်းတင် ဂုဏ်ယူကြရမည့်သမိုင်းမှတ်တမ်းများပင် ဖြစ်ပါသည်။ တော်လှန်ရေးခရီးလမ်းတွင် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်လျက် အသက်ပေးဆပ်ခဲ့ကြရသည့် ကရင်အမျိုးသားခေါင်းဆောင် ကြီးများနှင့် ကရင်အာဇာနည်ရဲဘော်ရဲဘက်အပေါင်းတို့အား မိမိတို့အနေဖြင့် စိတ်နှလုံးထဲတွင် အစဉ်အမြဲ လေးစားဂါရဝပြုအပ်ပါသည်။

၄။ ရှေ့ဆက်လျှောက်လှမ်းကြရမည့် မိမိတို့နိုင်ငံတော်၏ အနာဂတ်ပန်းတိုင်သည် ပြည်သူ အားလုံး၏ ယုံကြည်ချက်အပေါ်တွင် တည်မှီလျက်ရှိရာ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှ ရုန်းထွက်နိုင်ရန် စုဖွဲ့မှု ခိုင်မာစွာဖြင့် နိုင်ရာတာဝန်များကို အတူတကွ ထမ်းရွက်သွားကြစေလိုပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အနေဖြင့် ကရင်အမျိုးသားခေါင်းဆောင်ကြီးများအပါအဝင် မိတ်ဖက်တော်လှန်ရေးအင်အားစုများ နှင့် လက်တွဲညီစွာ ချိတ်ဆက်လျက် ကျရာအခန်းကဏ္ဍ၌ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၅။ ကရင်လူထုတစ်ရပ်လုံးနှင့် ကရင်တော်လှန်ရေးအဖွဲ့အစည်းများသည် လက်ရှိအချိန်ထိ တိုင် တော်လှန်ရေးအောင်ပွဲများကို လက်တွေ့ဖော်ဆောင်တိုက်ပွဲဝင်လျက်ရှိသည့်အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ရှေ့ဆက်၍လည်း နိုင်ငံတဝှမ်းလုံးတွင် အောင်ပွဲများဆက်လက်ဆွတ်ခူးပိုင်ဆိုင်နိုင်ပါစေကြောင်း ဆန္ဒပြုလျက် ဤ (၇၅) နှစ်မြောက် ကရင်အာဇာနည်နေ့ သဝဏ်လွှာအား လေးစားစွာ ထုတ်ပြန်အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top