မူလ / ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သဝဏ်လွှာ

ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်

၁။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၌ ပညာရေးကဏ္ဍတွင် ရှေ့ဆောင်လမ်းပြ မီးအိမ်ရှင်များဖြစ်သည့် ဆရာ၊ ဆရာမများ၏ ဂုဏ်အရည်အချင်းတို့အား ဂုဏ်ပြုလေးစားသော အားဖြင့် ကမ္ဘာ့ဆရာများနေ့အား နှစ်စဥ် ကျင်းပပြုလုပ်ကြမြဲဖြစ်ပါသည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအနေဖြင့် ဆရာ၊ ဆရာမများ၏ ကြီးမြတ်သည့် ဂုဏ်ကျေးဇူးအနန္တတို့အား အစဥ်အမြဲ တန်ဖိုးထားလေးစားပါကြောင်းနှင့် ဓမ္မဘက်တွင် ပြတ်သားစွာ ရဲရဲဝံ့ဝံ့ ရပ်တည်လျက် နွေဦးတော်လှန်ရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်သူ့ဝန်ထမ်း CDM ဆရာ၊ ဆရာမ များအား လေးစားဂုဏ်ယူအပ်ပါသည်။

၂။ ပညာသင်ကြားမှု၊ သင်ယူမှုလုပ်ငန်းစဥ်သည် စဉ်ဆက်မပြတ် စီးဆင်း အသက်ဝင်နေသည့် လုပ်ငန်းစဉ်ဖြစ်သည်နှင့်အညီ လူသားတိုင်းသည် ယင်းလုပ်ငန်းစဉ်အား ကြိုးစားဖော်ဆောင်ကြမြဲ ဖြစ်ပါသည်။ မိမိတို့နိုင်ငံတွင် စစ်ကျွန်ပညာရေးစနစ် ကြီးစိုးခဲ့သည့် ခေတ်ကာလမှစ၍ လွတ်လပ်စွာ ပညာသင်ကြားခွင့်၊ သင်ယူခွင့်တို့ အပြည့်အဝမရရှိခဲ့ကြကာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ အခွင့်အရေးများ ဆုံးရှုံးခဲ့ကြရပါသည်။ ယခုနွေဦးတော်လှန်ရေးကာလတွင်လည်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့် ပြည်သူ့ဝန်ထမ်း CDM ဆရာ၊ ဆရာမများသည် အတားအဆီး၊ အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေကြရပါသည်။ အချို့သော ဆရာ၊ ဆရာမများသည် အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးနှိပ်စက်မှု၊ သတ်ဖြတ်မှုများ ခံကြရကာ အချို့သည် အကျဥ်းထောင်ထဲတွင် ဖမ်းဆီးထိန်းသိမ်းခံနေကြရဆဲဖြစ်ပါသည်။

၃။ ယနေ့ကျရောက်သော ကမ္ဘာ့ဆရာများနေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီအနေဖြင့် အကြမ်းဖက်စစ်အာဏာရှင်များအား အကြမ်းမဖက်နည်းဖြင့် ရဲဝံ့စွာ ဆန့်ကျင် တော်လှန်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော ဆရာ၊ ဆရာမများအပါအဝင် ဖမ်းဆီးခံ ပြည်သူများအား အမြန်ဆုံး ပြန်လည်လွှတ်ပေးရေးနှင့် အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက် ရှိရှိဖြင့် ကျူးလွန်နေသော လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ရာဇဝတ်မှုများ၊ အကြမ်းဖက်မှုများ အမြန်ဆုံး ရပ်တန့်စေရေးတို့အတွက် နိုင်ငံတကာက အကြမ်းဖက်စစ်အုပ်စုအပေါ် ယခုထက် ပိုမို ထိရောက်သော စီးပွားရေးပိတ်ဆို့မှုများနှင့် သံတမန်ရေးအရ ဖိအားပေးခြင်းများကို တိုးမြှင့် လုပ်ဆောင်သွားရန် အထူးတိုက်တွန်းတောင်းဆိုပါသည်။

၄။ ပြည်သူအားလုံးတို့၏ နွေဦးတော်လှန်ရေးကြီးတွင် စွမ်းစွမ်းတမံ စွန့်လွှတ် စွန့်စား ပါဝင် ဆောင်ရွက်ခဲ့ကြသည့် ပြည်သူ့ဝန်ထမ်း CDM ဆရာ၊ ဆရာမများသည် လက်ရှိတွင် အမျိုးသား ညီညွတ်ရေးအစိုးရ၏ အခြေခံပညာကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍ၊ အသက်မွေးပညာကဏ္ဍ၊ ဆရာအတတ်ပညာကဏ္ဍအသီးသီးတို့တွင် ကျရာတာဝန်အသီးသီးကို ကျေပွန်စွာ ထမ်းရွက်လျက် ရှိပါသည်။ မြေပြင်စာသင်ကျောင်းများသာမက အွန်လိုင်းစာသင်ကျောင်းများ၊ တက္ကသိုလ်များ ဖွင့်လှစ်ကာ နိုင်ငံတော်တွင် ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်သစ်တစ်ခု ဖြစ်ထွန်းပေါ်ပေါက် လာစေရန် အဘက်ဘက်မှ ချိတ်ဆက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အတွက် ပြည်သူများကိုယ်စား လွန်စွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဖော်ပြလိုပါသည်။

၅။ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တွင် ပညာရေးကဏ္ဍ၌ ဆရာ၊ ဆရာမ များ၏ အားအင်ဖြင့် မျိုးဆက်သစ်များအတွက် စစ်ကျွန်ပညာရေးစနစ်အား အပြီးတိုင်ဖယ်ရှားနိုင် ရေးနှင့် မတူကွဲပြားမှုကို အခြေတည်သော ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ် ပေါ်ထွန်းလာ စေရေး လက်တွဲညီစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအနေဖြင့် ကတိသစ္စာပြုလျက် ဤသဝဏ်လွှာအား ဝမ်းမြောက်စွာ ထုတ်ပြန်အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top