မူလ / “အီဒုလ်အသွဟာ” ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှု အီးဒ် ပွဲတော်အထိမ်းအမှတ်နေ့ သဝဏ်လွှာ

“အီဒုလ်အသွဟာ” ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှု အီးဒ် ပွဲတော်အထိမ်းအမှတ်နေ့ သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်

၁။ “အီဒုလ်အသွဟာ” ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှု အီးဒ် ပွဲတော်အထိမ်းအမှတ်နေ့ အချိန် အခါသမယတွင် အစ္စလာမ်ဘာသာဝင်များအားလုံးနှင့်အတူ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ဘေးအန္တရာယ်အပေါင်းမှကင်းဝေးကာ ကမ္ဘာသူ၊ ကမ္ဘာသား များအားလုံးအတွက် ကောင်းကျိုးပြု နိုင်သော ခေါင်းဆောင်ကောင်းများ ဖြစ်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

၂။ အကြမ်းဖက်စစ်တပ်၏ မတရားအာဏာသိမ်းမှုကြောင့် မြန်မာပြည်တွင်းမှာ မှီတင်းနေ ထိုင်ကြသော အစ္စလာမ်ဘာသာဝင်များနှင့် တိုင်းတစ်ပါးသို့ ထွက်ပြေးတိမ်းရှောင်နေရသော အစ္စလာမ်ဘာသာဝင်များအားလုံးတို့သည် ဘာသာရေးပွဲတော်များကို ပျော်ရွှင်စွာ ကျင်းပနိုင်ခြင်း မရှိကြကာ အချို့သောမိတ်ဆွေအပေါင်းအသင်း ဆွေမျိုးများမှာလည်း အကြမ်းဖက်စစ်ကောင်စီ၏ မတရားသတ်ဖြတ်မှုကြောင့် မိသားစုစုံလင်စွာ မကျင်းပနိုင်တော့သည့်အတွက် များစွာ ဝမ်းနည်းမိ ပါသည်။ ဘာသာပေါင်းစုံမှ ပြည်သူများ၏ သက်ဆိုင်ရာဘာသာရေးပွဲတော်များကို ပျော်ရွှင်စွာ ကျင်းပနိုင်ရေးသည် စစ်အာဏာရှင်စနစ် အပြီးတိုင် ပပျောက်သွားမှသာ ကျင်းပနိုင်မည်ဖြစ်ပါသည်။

၃။ အစ္စလာမ်ဘာသာဝင်များအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနှင့် တော်လှန်ရေးအင်အားစုအားလုံးတို့နှင့်အတူ လက်တွဲကာ ရှေ့ဆက်ချီတက်ကြစေလိုကြောင်း လေးလေးနက်နက် တိုက်တွန်းလိုပါသည်။ ဘေးကင်းလုံခြုံ၍ စိတ်သောကကင်းဝေးသော နေ့ရက်များသို့ အမြန်ဆုံးရောက်ရှိပါစေကြောင်း ဆန္ဒပြုရင်း ဤသဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top