၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်
၁။ ခရစ်ယာန်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သော ခရစ္စမတ်နေ့အချိန်အခါသမယတွင် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းရှိ ခရစ်ယာန်ဘာသာဝင်များအားလုံးအတွက် ကောင်းချီးမင်္ဂလာများ လက်ခံရရှိပြီး ပျော်ရွှင်ဖွယ်ခရစ္စမတ်နှင့် ဘေးကင်းလုံခြုံသော ခရစ္စမတ်ဖြစ်ပါစေကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
၂။ ခရစ္စမတ်ပွဲတော်သည် ခရစ်ယာန်များ၏ အထွဋ်အမြတ်ဆုံးပွဲတော်ဖြစ်ပြီး စုံညီစုဝေး၍ ပွဲတော်ကာလကို ပျော်ရွှင်စွာ မကျင်းပနိုင်တော့သည့်အပြင် အကြမ်းဖက်စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများအပါအဝင် အကြမ်းဖက်မှုများကြောင့် မိမိတို့၏ နေရပ်ကိုစွန့်ခွာတိမ်းရှောင် နေကြရပြီး ဘေးဒုက္ခများကို ခရစ်ယာန်ဘာသာဝင်များအပါအဝင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ခါးသီးစွာခံစားနေကြရပါသည်။ အကြမ်းဖက်စစ်တပ်က မည်မျှပင် လူမဆန်စွာ အကြမ်းဖက်မှုများဖြင့် ဖိနှိပ်နေသော်လည်း တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ခိုင်မာသော စည်းလုံးညီညွတ်မှု၊ ပြင်းပြသောစိတ်ဆန္ဒတို့ကို ဖျက်ဆီးနိုင်စွမ်းမရှိသည့်အပြင် သိသာသော အရှုံးများနှင့်ပါ ရင်ဆိုင်နေရပြီ ဖြစ်ပါသည်။
၃။ တည်ဆောက်ထားပြီးသော စုစည်းညီညွတ်မှုအင်အားကို ပိုမိုခိုင်မာအားကောင်းအောင် ကြိုးပမ်းခြင်းဖြင့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး ဘုံရည်မှန်းချက်ကို အောင်မြင်စွာ လျှောက်လှမ်းကြိုးပမ်းနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဘာသာပေါင်းစုံနှင့် လူမျိုးပေါင်းစုံအားလုံး အတူတကွ ယှဉ်တွဲနေထိုင်နိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင်လည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းကတိပြုအပ်ပါသည်။
၄။ လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှု၊ အတားအဆီး၊ အခက်အခဲဆင်းရဲဒုက္ခများသည် ယနေ့ကျရောက်သော ခရစ္စမတ်အခါသမယတွင် ကုန်ဆုံးခဲ့၍ အနာဂတ်နေ့ရက်များတွင် ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းနှင့် လွတ်လပ်ခြင်းတို့ကိုပေးစွမ်းနိုင်သော ခရစ္စမတ်နေ့ကို အတူဆင်နွှဲနိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း ဤသဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။
The Committee Representing Pyidaungsu Hluttaw


