၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်
၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နှစ် (၈၀) ပြည့် မွေးနေ့အခါသမယတွင် အကြမ်းဖက်စစ်အုပ်စုက ဥပဒေမဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရခြင်းမှ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေကြောင်းနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သက်ရှည်ကျန်းမာပြီး သူမတန်ဖိုးထားရသည့် မိသားစု၊ ပြည်သူ/ပြည်သားများနှင့် အမြန်ဆုံး ဆုံစည်းနိုင်ပါစေကြောင်း မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် လေးနက်စွာ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
၂။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် တရားမျှတပြီး ငြိမ်းချမ်းသော လူမှုအသိုက်အဝန်းကို တည်ဆောက်နိုင်ရန် ကြိုးပမ်းရာတွင် ကြံ့ခိုင်ဖြောင့်မတ်မှု၊ အမုန်းတရားကို အခြေမခံသော ချဉ်းကပ်မှု၊ ပြည်သူ့ဆန္ဒကို လေးစားတန်ဖိုးထားမှုတို့ဖြင့်သာ လျှောက်လှမ်းခဲ့ပြီး ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုရှိမှသာ တိုင်းပြည်၏ ကောင်းမွန်သော အပြောင်းအလဲကို ဖော်ဆောင်နိုင်မည်ကို ကောင်းစွာသိရှိခြင်းကြောင့် ပြည်သူလူထုအား စစ်မှန်ဖြူစင်သော မေတ္တာတရား၊ ဖြောင့်မတ်မှန်ကန်သော အတွေးအခေါ်တို့ဖြင့်သာ ဦးဆောင်လမ်းပြပေးခဲ့သည့် ခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။ ထို့ကြောင့်ပင် နှစ်ပေါင်းများစွာ အကြမ်းဖက်စစ်အာဏာရှင်များနှင့် မလိုသူများက မည်သို့ပင် ပုံဖျက်လုပ်ဆောင်နေသော်လည်း ပြည်သူလူထုကြီးက တိုင်းပြည်ခေါင်းဆောင်အဖြစ် တန်ဖိုးထားချစ်ခင်နေခြင်း ဖြစ်ပါသည်။
၃။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မိမိတို့နိုင်ငံ၌ ငြိမ်းချမ်းရေးရရှိရေး၊ တရားဥပဒေစိုးမိုးမှုရှိရေး၊ တန်းတူအခွင့်အရေး၊ လွတ်လပ်မှုနှင့် လူ့အခွင့်အရေးတို့ ရရှိခံစားနိုင်ရေးတို့အတွက် ဒီမိုကရေစီစနစ်ကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စုသစ်ကို တည်ဆောက်နိုင်ရန် အစဉ်တစိုက်ကြိုးပမ်းခဲ့ပါသည်။ လက်ရှိအချိန်တွင် အင်အားစုအသီးသီးနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် တစ်ဦးနှင့်တစ်ဦး၏ ယုံကြည်မှုတို့အား ယခင်ကထက် ဆတိုးတည်ဆောက်ကြကာ မိမိတို့နိုင်ငံ၌ သက်ဆိုးရှည်နေသည့် စစ်အာဏာရှင်စနစ်ဆိုးအား လက်တွဲတွန်းလှန်တိုက်ထုတ်လျက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကို တည်ဆောက်နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ မိမိတို့၏ ခိုင်မာသော ယုံကြည်ချက်ကြောင့် မဝေးသောအနာဂတ်ကာလတွင် မိမိတို့၏ ကြိုးပမ်းချက်များသည် မုချအောင်မြင်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
၄။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ကျရောက်သည့် နှစ် (၈၀) ပြည့် မွေးနေ့တွင် တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် လူထုခေါင်းဆောင်၏ ကြံ့ခိုင်မှု၊ ဇွဲရှိမှု၊ နိုင်ငံရေးအမြော်အမြင်ကြီးမားမှုတို့ကို စံနမူနာပြုလျက် ယခုမျှော်မှန်းကြိုးပမ်းဆောင်ရွက်နေသော ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေး ပန်းတိုင်ဆီသို့ အောင်မြင်မှုများဖြင့် ဆက်လက်ချီတက်လျှောက်လှမ်းနိုင်ကြပါစေကြောင်း လေးနက်စွာ ဆန္ဒပြုလျက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဤသဝဏ်လွှာအား လေးစားဂုဏ်ယူစွာ ပေးပို့အပ်ပါသည်။
The Committee Representing Pyidaungsu Hluttaw


