မူလ / (၇၉) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာ

(၇၉) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်

၁။ ပြည်သူလူထု၏ ညီညွတ်မှု၊ စိတ်အားထက်သန်မှု၊ အကြောက်တရားတို့အား အန်တု ရင်ဆိုင်နိုင်မှု၊ ပေးဆပ်အနစ်နာခံမှုတို့ဖြင့် စုပေါင်းအားကို အရင်းတည်လျက် မြန်မာ့မြေပေါ်မှ ဖက်ဆစ်သောင်းကျန်းသူများအား အောင်မြင်စွာ ခုခံတွန်းလှန်တိုက်ထုတ်နိုင်ခဲ့ကြသည်မှာ ယနေ့ တွင် (၇၉) နှစ်တိုင် ရောက်ရှိခဲ့ပြီဖြစ်ကာ တော်လှန်ရေးတိုက်ပွဲများအတွင်း အသက်ခန္ဓာ ရင်းနှီး ပေးဆပ်ခဲ့ကြသော သူရဲကောင်းရဲဘော်ရဲဘက်အပေါင်းတို့အား အထူးအောက်မေ့သတိရလျက် လေးစားစွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။

၂။ ပြည်သူလူထုတစ်ရပ်လုံးအတွက် မားမားမတ်မတ်ရပ်တည်လျက် ပြည်သူတို့၏ အကျိုး ကို ဦးတည်ကြိုးစားခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာ့တပ်မတော်သည် ပြည်သူများနှင့်အတူ နယ်ချဲ့ဖက်ဆစ်တို့အား တိုက်ထုတ်နိုင်ခဲ့သည့်နေ့အား တော်လှန်ရေးနေ့အဖြစ် ၁၉၄၅ ခုနှစ်မှစတင်၍ ဂုဏ်ပြုကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ သို့ရာတွင် ၁၉၅၅ ခုနှစ်တွင် စစ်အာဏာရှင် များသည် ဗမာ့တပ်မတော်အား ကြီးစိုးခြယ်လှယ်ကာ ပြည်သူပါဝင်မှုအင်အား မှေးမှိန်ကွယ်ပျောက် စေရန် တပ်မတော်နေ့အဖြစ် အမည်ပြောင်းလဲ ခေါ်ဝေါ်ကျင်းပခဲ့ကြပါသည်။

၃။ နှစ်ပေါင်းများစွာကြာ စစ်အာဏာရှင်တို့သည် ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံနှင့် လူမျိုး တို့အား နင်းချေဖျက်ဆီးခဲ့ကြကာ ပြည်သူလူထု၏ တပ်မတော်အဖြစ်မှ စစ်အာဏာရှင်များ ကြိုးဆွဲရာကရသည့် အကြမ်းဖက်တပ်မတော်အဖြစ် ပုံစံသွင်းခဲ့ကြသည့်အတွက် တပ်မတော်ဟူ သည် ယနေ့အချိန်ထိ ပြည်သူလူထုနှင့် ဆန့်ကျင်ဘက်လမ်းအား လျှောက်လှမ်းလျက် စစ်အာဏာရှင် တစ်စု၏ အသုံးချခံ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုသာ ဖြစ်နေပါသည်။

၄။ လူသတ်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်တပ်သည် ပြည်သူလူထုအကြားတွင် လူမဆန်သောနည်းလမ်းအမျိုးမျိုးဖြင့် အကြောက်တရားများ ရိုက်သွင်း လျက် နိုင်ငံတော်အား အုပ်ချုပ်ရန် ကြိုးစားလျက်ရှိသော်လည်း (၃) နှစ်ကျော်ကာလအထိပင် အုပ်ချုပ်မှုယန္တရားအား မလည်ပတ်နိုင်ကာ ပြည်သူတို့၏ ခုခံတော်လှန်လိုစိတ်အား မည်သည့် အရာကမျှ ပိတ်ပင်တားဆီးနိုင်ခြင်းမရှိနိုင်သည်ကို ပြည်သူ့တော်လှန်ရေးအောင်ပွဲများက လက်တွေ့ သက်သေတည်လျက် ရှိပါသည်။

၅။ အကြမ်းဖက်စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် နွေဦးတော်လှန်ရေးတွင် အားတင်းရုန်းကန်ရှင်သန်နေကြရသော မိမိတို့ တိုင်းရင်းသားပြည်သူများအားလုံး၏ စိတ်ဓာတ်ခွန်အား၊ သိမှုခွန်အား၊ ဉာဏ်ပညာခွန်အား တို့အား မိမိတို့နိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံများကပါ အားကျလေးစားကြရကာ ဆက်လက်၍လည်း ပြည်သူ့အင်အားဖြင့် ပြည်သူ့ခုခံစစ်အောင်ပွဲများအား တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အသီးသီး တို့နှင့် ပူးပေါင်းချိတ်ဆက်ဖော်ဆောင်နိုင်မည်ကို အပြည့်အဝယုံကြည်လျက် ဤ (၇၉) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ သဝဏ်လွှာအား ဂုဏ်ယူဝမ်းမြောက်စွာ ထုတ်ပြန်အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top