၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်
၁။ ကရင်လူထု၏ အရေးတော်ပုံကြီးမှတစ်ဆင့် ဖြစ်တည်ပေါက်ဖွားခဲ့သော ကရင်အမျိုးသား နေ့အား အလေးအမြတ်ထား ဂုဏ်ပြုကျင်းပခဲ့သည်မှာ ယနေ့တွင် (၇၈) နှစ်မြောက်သို့ ရောက်ရှိခဲ့ ပြီ ဖြစ်ပါသည်။ ကရင်တစ်မျိုးသားလုံး၏ နိုင်ငံရေးအသိ၊ မျိုးချစ်စိတ်ဓာတ်နှင့် ဇာတိသွေး၊ ဇာတိ မာန်တို့ကို ထုတ်ဖော်ပြသလျက် လွတ်လပ်မှု၊ တန်းတူရေးနှင့် ဒီမိုကရေစီအရေး၊ လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေးတို့ကို တညီတညွတ်တည်း ထုတ်ဖော်တောင်းဆိုကာ ဆန္ဒဖော်ထုတ် တိုက်ပွဲဝင်ခဲ့ကြသည့် ပြည်သူ့တိုက်ပွဲဖြစ်တည်ရာ ကရင်တိုင်းရင်းသားတို့အတွက် လွန်စွာ ဂုဏ်ယူ ဖွယ်ရာကောင်းသော နေ့ထူးနေ့မြတ်ဖြစ်ပါသည်။
၂။ ကရင်တိုင်းရင်းသားများအပါအဝင် အားလုံးသော ပြည်ထောင်စုဖွားတိုင်းရင်းသားများ စုစည်းပါဝင်ဆင်နွှဲလျက်ရှိသော ပြည်သူ့တော်လှန်ရေးကြီးသည် ရင်းနှီးပေးဆပ်မှုများစွာဖြင့် တန်ဖိုး အနဂ္ဂ ထိုက်တန်ကြီးမားလှပါသည်။ ပြည်သူတစ်ဦးချင်းစီ၏ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန် တက်ကြွစွာ စုစည်းမှု၊ ညီညွတ်မှုအားအင်တို့ကို အထင်အရှား တွေ့မြင်နိုင်သည်မှာသာမက အဆုံးသတ်အောင်ပွဲအထိ ဆက်လက်ချီတက်ကြိုးစားသွားကြမည်ကိုလည်း မိမိတို့အနေဖြင့် ယုံကြည်ပါသည်။
၃။ နိုင်ငံတော်၏ နယ်မြေဒေသအသီးသီးတွင် ပြည်သူများအနေဖြင့် စစ်မက်စစ်ဒဏ်ကို ကြံ့ကြံ့ခံရင်း အကြမ်းဖက်စစ်အာဏာသိမ်းမှုအား ရရာနည်းလမ်းများဖြင့် တွန်းလှန်တိုက်ပွဲဝင်လျက် ရှိရာ ကရင်တိုင်းရင်းသားများအနေဖြင့်လည်း မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း ချိတ်ဆက်လျက် ကရင်တစ်မျိုးသားလုံးလွတ်မြောက်ရေးမှသည် တစ်နိုင်ငံလုံး လွတ်မြောက်ရေး အတွက် ဆက်လက်ရုန်းကန်ကြိုးစားသွားမည်ဟု ယုံကြည်ပါသည်။
၄။ မိမိတို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကရင်အမျိုးသား ခေါင်းဆောင်ကြီးများအပါအဝင် ကရင်ပြည်သူလူထုတစ်ရပ်လုံးက အကြမ်းဖက်စစ်အာဏာရှင် စနစ်ဆိုးအား အပြီးတိုင်တွန်းလှန်လျက် ကရင်ပြည်သူလူထုအကျိုးအတွက် လူ့အခွင့်အရေးများ၊ ဒီမိုကရေစီစံနှုန်းများ အခိုင်အမာဖြစ်ထွန်းပေါ်ပေါက်စေရန် အစွမ်းကုန် ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွားနိုင်ပါစေကြောင်း ဆန္ဒပြုလျက် ဤ (၇၈) နှစ်မြောက် ကရင်အမျိုးသားနေ့ သဝဏ်လွှာအား ဂုဏ်ယူစွာ ထုတ်ပြန်အပ်ပါသည်။
The Committee Representing Pyidaungsu Hluttaw


