မူလ / (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့သဝဏ်လွှာ

(၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့သဝဏ်လွှာ

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်

၁။ ချင်းတိုင်းရင်းသားတို့၏ ဂုဏ်ယူဖွယ်ရာ နေ့ထူးနေ့မြတ်ဖြစ်သည့် (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ပြည်တွင်းပြည်ပဒေသအသီးသီးသို့ ရောက်ရှိနေထိုင်ကြသော တော်လှန်ပြည်သူ ချင်းတိုင်းရင်းသားများနှင့်တကွ တိုင်းရင်းသားပြည်သူများအားလုံး ဘေးအန္တရာယ်များ ကင်းဝေးကြကာ နွေဦးတော်လှန်ရေးအတွက် ဘုံသဘောထားမျှော်မှန်းချက်များ အမြန်ဆုံး ပြည့်ဝအောင်မြင်အောင် ကြိုးစားဆောင်ရွက်နိုင်ပါစေကြောင်း မိမိတို့အနေဖြင့် ဆန္ဒပြုအပ်ပါသည်။

၂။ ချင်းအမျိုးသားနေ့တွင် သမိုင်းမှတ်တမ်းဖြစ်စဉ်များကို ဂုဏ်ပြုကျင်းပခြင်းသာမက စုစည်းမှု၊ ညီညွတ်မှု၊ ဒီမိုကရေစီစနစ်အား တန်ဖိုးထားလေးစားမှု၊ လွတ်လပ်ရေးရရှိရန် တောင်တန်းပြည်မ ပူးပေါင်းပါဝင်ကြိုးပမ်းခဲ့မှု စသည်ဖြင့် ချင်းတစ်မျိုးသားလုံး၏ ဂုဏ်အရည်အချင်း၊ ဝိသေသတို့အား ဖော်ညွှန်းပေးနိုင်ခဲ့ကာ ယနေ့တွင် (၇၈) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

၃။ အကြမ်းဖက်ဖက်ဆစ်စစ်တပ်၏ နိုင်ငံတော်ပုန်ကန်မှုကျူးလွန်လျက် မတရားသဖြင့် အာဏာလုယူခဲ့သည်မှာ (၅) နှစ်ကျော်ကာလသို့ ရောက်ရှိလာပြီဖြစ်သော်လည်း ချင်းတိုင်းရင်းသားများအပါအဝင် နိုင်ငံတစ်ဝှမ်းရှိ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးသည် စစ်ဘေးစစ်ဒဏ်ကို ကြံ့ကြံ့ခံလျက် အကြမ်းဖက်စစ်တပ်အား ဆန့်ကျင်တွန်းလှန်လျက်ရှိပါသည်။ အကြမ်းဖက်စစ်တပ်၏ ခေါင်းဆောင်အကြမ်းဖက်မင်းအောင်လှိုင်နှင့်တကွ ၎င်း၏ သြဇာခံ၊ သစ္စာခံ လူယုတ်မာတို့၏ ရက်စက်ယုတ်မာမှုများကြောင့် ပြည်သူများသည် ဆင်းရဲဒုက္ခများစွာ ကြုံတွေ့ကြရကာ တိုင်းပြည် အနာဂတ် လူငယ်များစွာသည်လည်း ပေးဆပ်ကြွေလွင့်ခဲ့ကြရပါသည်။ သမိုင်းခေတ်အဆက်ဆက် အရေးတော်ပုံများနှင့် ယနေ့နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ကြရသော ချင်းတိုင်းရင်းသားခေါင်းဆောင်ကြီးများနှင့်တကွ အာဇာနည်သူရဲကောင်းအပေါင်းတို့၏ ခေါင်းဆောင်မှု၊ ကြိုးစားအားထုတ်မှု၊ စွန့်လွှတ်ပေးဆပ်မှုများအား ဤသဝဏ်လွှာမှတစ်ဆင့် မိမိတို့အနေဖြင့် လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။

၄။ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးလမ်းတွင် အတိတ်သမိုင်း၏ ဖြစ်ရပ်ဆိုးများကို အကောင်းဆုံးသင်ခန်းစာယူကာ လက်ရှိရင်ဆိုင်ကြုံတွေ့နေကြရသော အခက်အခဲ၊ စိန်ခေါ်မှုများကို အတူတကွလက်တွဲဖြေရှင်းဆောင်ရွက်ကြရန် အထူးအရေးကြီးပါသည်။ ယခုအချိန်သည် မိမိတို့ အင်အားစုအသီးသီးအကြားတွင် မတူကွဲပြားမှု၊ သဘောထားမညီမျှများကို တန်ဖိုးထားလေးစားလျက် ပူးပေါင်းဆောင်ရွက်မှုအားအင်အဖြစ် အရှိန်အဟုန်မြှင့်တင်ရန် အခွင့်အရေးကောင်းတစ်ခုဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ချင်းတော်လှန်ရေးအင်အားစုများအပါအဝင် မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများအား ပိုမိုခိုင်မာအားကောင်းသော စုဖွဲ့မှု၊ စည်းလုံးညီညွတ်မှုတို့ဖြင့် ဆက်လက်တိုက်ပွဲဝင်သွားကြရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။

၅။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒသဘောထားများကို အစဉ်အမြဲတန်ဖိုးထားလေးစားလျက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် ချင်းညီနောင်တိုင်းရင်းသားများအပါအဝင် တော်လှန်ရေးအင်အားစုအသီးသီးတို့နှင့် ဆက်လက်ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုလျက် ဤ (၇၈) နှစ်မြောက်ချင်းအမျိုးသားနေ့သဝဏ်လွှာအား ဝမ်းမြောက်စွာ ဂုဏ်ပြုပေးပို့အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top