၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်
၁။ ၁၉၄၈ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့၊ (မြန်မာသက္ကရာဇ် ၁၃၁၀ ခုနှစ်၊ ဝါခေါင်လပြည့်နေ့) တွင် မွန်တော်လှန်ရေးခေါင်းဆောင်များဖြစ်ကြသော နိုင်ပန်းသာ၊ နိုင်မောင်သိန်းတို့ ဦးဆောင်သော မွန်လူငယ် (၂၇) ဦးတို့က ဦးဆောင်လျက် ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာရှိ ရဲစခန်းအား စတင် တိုက်ခိုက်တော်လှန်ခဲ့သည့်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မွန်တော်လှန်ရေးနေ့အဖြစ် အထိမ်းအမှတ် ပြုကျင်းပခဲ့သည်မှာ ယနေ့တွင် (၇၇) နှစ်ပြည့် မြောက်ခဲ့ပြီဖြစ်ပါသည်။ ထူးမြတ်သော မွန် တော်လှန်ရေးနေ့တွင် မွန်တိုင်းရင်းသားများနှင့်တကွ တိုင်းရင်းသားပြည်သူများအားလုံး နွေဦး တော်လှန်ရေးခရီးလမ်း၏ အောင်မြင်မှုပန်းတိုင်ဆီသို့ ဟန်ချက်ညီညီဖြင့် အမြန်ဆုံး ရောက်ရှိနိုင် ပါစေကြောင်း ဆုမွန်တောင်းအပ်ပါသည်။
၂။ မွန်တိုင်းရင်းသားလူထုအနေဖြင့် မွန်အာဇာနည်ခေါင်းဆောင်ကြီးများ၏ မပြီးမြောက်ခဲ့ သည့်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအား ဆက်လက် ကြိုးစားဖော်ဆောင်လျက်ရှိရာ ယနေ့ နွေဦးတော်လှန်ရေးတွင်လည်း ညီနောင်တိုင်းရင်းသား တော်လှန်ရေးအင်အားစုများနှင့်အတူ ချိတ်ဆက်မှု အားကောင်းစွာဖြင့် တိုက်ပွဲဝင်ဆင်နွှဲနေကြသည့်အတွက် လွန်စွာလေးစားဂုဏ်ယူ ဖွယ်ဖြစ်ပါသည်။ ခေတ်အဆက်ဆက်တွင် အာဏာရှင်စနစ်ဆိုးအား တွန်းလှန်ချေမှုန်းခဲ့ကြရင်း အသက်၊ သွေး၊ ချွေးများပေးဆပ်ခဲ့ကြရသော မွန် တော်လှန်ရေးခေါင်းဆောင်ကြီးများနှင့်တကွ မွန် တိုင်းရင်းသားအာဇာနည် သူရဲကောင်းအပေါင်းတို့အား မိမိတို့အနေဖြင့် အစဥ်အမြဲလေးစားပါ ကြောင်း ဂုဏ်ပြုဖော်ပြအပ်ပါသည်။
၃။ အကြမ်းဖက်စစ်အာဏာရှင်အဆက်ဆက်သည် တိုင်းရင်းသားပြည်သူလူထု အချင်းချင်း အကြားတွင် ညီညွတ်မှုပြိုပျက်စေရန် ရည်ရွယ်ချက်ကြီးကြီးဖြင့် နည်းလမ်းမျိုးစုံသုံး၍ သွေးခွဲ အုပ်ချုပ်ခဲ့ကြသော်လည်း တော်လှန်ရေးသမိုင်းစာမျက်နှာများတွင် တိုင်းရင်းသားပြည်သူလူထု၏ ညီညွတ်မှုအင်အားတို့အား ဖျက်ဆီးဖြိုလှဲ၍မရခဲ့သည်မှာ လက်ရှိနွေဦးတော်လှန်ရေးကြီးသည် သက်သေတစ်ခုပင်ဖြစ်ပါသည်။ နိုင်ငံတော်နှင့် အနာဂတ်မျိုး ဆက်သစ်များအတွက် နှစ်ပေါင်း များစွာကြာ အခြေတည်မြှုပ်နှံခဲ့ကြရသော အာဇာနည်သူရဲကောင်းအပေါင်းတို့၏ ရင်းနှီးပေးဆပ် မှုများအတွက် မိမိတို့အားလုံးအနေဖြင့်လည်း ပိုမိုစုစည်းညီညွတ်လျက် ခိုင်မာသော ခံယူချက်များ ဖြင့်အကြမ်းဖက်စစ်အာဏာရှင်စနစ် အလုံးစုံ ပြိုကျပျက်သုဉ်းသည်အထိ ရှေ့ဆက် ကြိုးစား ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။
၄။ အနာဂတ်တွင် မွန် တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၊ မွန်လူငယ်များအပါအဝင် မွန် ပြည်သူများအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှခွင့်နှင့် ကိုယ့်ကံကြမ္မာ ကိုယ် ဖန်တီးနိုင်ခွင့်တို့ အပြည့်အဝရရှိရေးအတွက်သာမက မွန်လူမျိုးတို့၏မွေးရာပါအခွင့်အရေး များရရှိပိုင်ဆိုင်နိုင်ရေးအတွက် အောင်မြင်စွာ ဆက်လက် ကြိုးစားထမ်းရွက်သွားနိုင်ကြပါစေကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဆန္ဒပြုဆုတောင်းလျက် ဤ (၇၇) နှစ်မြောက် မွန်တော်လှန်ရေးနေ့ သဝဏ်လွှာအား ဂုဏ်ယူလေးစားစွာ ထုတ်ပြန်အပ်ပါသည်။
The Committee Representing Pyidaungsu Hluttaw


