၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်
၁။ ယနေ့ကျရောက်သည့် (၇၇) နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် မိမိတို့၏ ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ဖန်တီးရေးနှင့် တရားမျှတမှုအတွက် ဆယ်စုနှစ်ပေါင်းများစွာ ကြံ့ကြံ့ခံ တိုက်ပွဲဝင်နေကြသည့် ကရင်အမျိုးသားတစ်ရပ်လုံးနှင့်အတူ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုအပ်ပါသည်။
၂။ ကရင်အမျိုးသားတော်လှန်ရေးသည် ၁၉၄၉ ခုနှစ်မှ စတင်ကာ ကရင်အမျိုးသားတို့၏ တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် မိမိတို့ကံကြမ္မာကိုယ် ကိုယ်တိုင်ဖန်တီးခွင့် ရရှိရေးတို့ အတွက် ငြိမ်းချမ်းစွာတောင်းဆိုရာမှ စစ်အာဏာရှင်တို့၏ဖိနှိပ်မှုကြောင့် လက်နက်ကိုင် တော်လှန်ရေး အသွင်သို့ ပြောင်းလဲပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။ ထိုတော်လှန်ရေးသည် ကရင်တိုင်းရင်းသား တို့အတွက် အမျိုးသားရေးဂုဏ်သိက္ခာကို ကာကွယ်ရုံမျှမက စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်လိုသည့် ကရင်တိုင်းရင်းသားတို့အတွက် စံနမူနာယူရသော တော်လှန်ရေးဖြစ်ပါသည်။
၃။ ကရင်အမျိုးသားတော်လှန်ရေးတစ်လျှောက် မိမိတို့ယုံကြည်ရာအတွက် အသက်၊ သွေး၊ ချွေး ပေးဆပ်သွားခဲ့ကြသော ကရင်အမျိုးသားခေါင်းဆောင်ကြီးများနှင့် အာဇာနည်သူရဲကောင်းအပေါင်းတို့နှင့်တကွ ယနေ့ဆင်နွှဲနေသည့် ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြရသော အာဇာနည်သူရဲကောင်းအပေါင်းတို့အား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဦးညွှတ်အလေးပြုအပ်ပါသည်။
၄။ ထိုကဲ့သို့ ဘဝများကိုစတေးကာ ပေးဆပ်တိုက်ပွဲဝင်သွားခဲ့ကြသည့် အာဇာနည်သူရဲကောင်းတို့၏အသက်များ အချည်းအနှီးမဖြစ်စေရေးအတွက် ၎င်းတို့မျှော်မှန်းခဲ့သည့် စစ်မှန်သောလွတ်လပ် မှုနှင့် တန်းတူညီမျှမှုဟူသော ရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော်ရန်မှာ လက်ရှိ မိမိတို့တော်လှန်ရေးအင်အားစုအားလုံး၏ အဓိက သမိုင်းပေးတာဝန်ပင်ဖြစ်သကဲ့သို့ ထိုသမိုင်းပေး တာဝန်ကို လက်ကိုင်စွဲကာ ပန်းတိုင်ရောက်သည်အထိ အားသစ်လောင်း ချီတက်ကြရမည်ဖြစ်ပါသည်။
၅။ စစ်အာဏာရှင်စနစ်သည် တိုင်းပြည်ကို ဆယ်စုနှစ်ပေါင်းများစွာ ဖျက်ဆီးခဲ့ရုံသာမက ပြည်သူတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် အနာဂတ်ကိုပါ မြေလှန်ဖျက်ဆီးနေသည့် စနစ်ဆိုး ဖြစ်ပါသည်။ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ကရင်အမျိုးသား တော်လှန်ရေး အင်အားစုများအပါအဝင် မဟာမိတ်အဖွဲ့အစည်းအားလုံးနှင့်လက်တွဲ၍ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကရင်အမျိုးသားအားလုံးအနေဖြင့်လည်း အခက်အခဲအတားအဆီး များကြားမှ စုစည်းညီညွတ်သောခွန်အားဖြင့် ရှေ့ဆက်ပြီး အတူတကွ ကြိုးပမ်း ဆောင်ရွက်ကြပါ ရန် အလေးအနက်တိုက်တွန်းလျက် ဤ (၇၇) နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ သဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။
The Committee Representing Pyidaungsu Hluttaw


