၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်
၁။ ယနေ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျရောက်သည့် (၇၆) နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့အချိန်အခါသမယမှစ၍ ကရင်တိုင်းရင်းသားများ၊ ကရင်ခေါင်းဆောင် ကြီးများနှင့်အတူ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးတို့သည် နွေဦးတော်လှန်ရေး၏ အန္တိမပန်းတိုင် ဖြစ်သော အာဏာရှင်စနစ်အပြီးတိုင်တိုက်ထုတ်နိုင်ရေး ဘုံရည်မှန်းချက်များအား လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်သွားနိုင်မည်ကို ယုံကြည်ပါကြောင်း ဖော်ပြလိုပါသည်။
၂။ နွေဦးတော်လှန်ရေးကြီးသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စုစည်းညီညွတ်မှု၊ ကြိုးစားအားထုတ်မှုတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းတို့ကြောင့် အကြမ်းဖက်စစ်အုပ်စု အနေဖြင့် နေဝင်ချိန်ကာလဆီသို့ ရောက်ရှိလာပြီဖြစ်ပါသည်။ လက်ရှိခရီးလမ်းသည် အားလုံးသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ မျှော်လင့်ချက်ရောင်ခြည်ဖြစ်သည်နှင့်အညီ ကရင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် အခြားသော တော်လှန်ရေးအဖွဲ့အစည်းများ အသီးသီးတို့သည် တော်လှန်ရေးအရှိန်အဟုန်ကို မြှင့်တင်ဆောင်ရွက်သွားကာ လူမျိုးပေါင်းစုံ၏ လွတ်လပ်မှု၊ တရား မျှတမှု၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ ပြည့်ဝစုံညီစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ကို အပြည့်အဝ ယုံကြည်ပါကြောင်း ဖော်ပြလိုပါသည်။
၃။ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသော ခေတ်အဆက်ဆက် ကရင် အာဇာနည်သူရဲကောင်းခေါင်းဆောင်ကြီးများနှင့်တကွ ယနေ့နွေဦးတော်လှန်ရေး၏ ကရင်အာဇာနည် သူရဲကောင်းအပေါင်းတို့၏ ကြီးမြတ်သည့်ပေးဆပ်မှုများ၊ စွန့်လွှတ်အနစ်နာခံမှုများနှင့် ဂုဏ် အရည်အချင်းများကို မိမိတို့အနေဖြင့် လေးစားစွာ ဖော်ညွှန်းလိုပါသည်။
၄။ မိမိတို့အားလုံး၏ စုစည်းညီညွတ်မှုအင်အားတစ်ရပ်သည် အကြမ်းဖက်စစ်အာဏာရှင် စနစ်ဆိုးအား အပြီးတိုင်ပျက်သုဉ်းခြင်းအခြေအနေသို့ ရောက်ရှိစေမည့် တွန်းအားတစ်ရပ်ဖြစ်သည် ကို အပြည့်အဝယုံကြည်ပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် အားလုံးသောတိုင်းရင်းသားမဟာမိတ်အစုအဖွဲ့ အသီးသီး တို့နှင့် ဟန်ချက်ညီမျှစွာ ပူးပေါင်းချိတ်ဆက်လျက် နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်စေရုံ သာမက ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးတွင်လည်း ဆက်လက် အားဖြည့် ပါဝင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကတိသစ္စာဖြင့် ဤ (၇၆) နှစ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့ သဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။
The Committee Representing Pyidaungsu Hluttaw


