မူလ / (၇၆) နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

(၇၆) နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၉ ရက်

၁။        ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့သည် ကရင်နီတစ်မျိုးသားလုံးအနေဖြင့် လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် လူ့အခွင့်အရေး သာတူညီမျှမှုတို့ကို လိုလားတောင့်တ လျက် မျှော်ရည်ကြိုးစားခဲ့သော သမိုင်းမှတ်တမ်းဝင် ထင်ရှားကြီးမြတ်သည့်နေ့ တစ်နေ့ဖြစ်ပါသည်။ ယနေ့တွင် (၇၆) နှစ်ကာလ ပြည့်မြောက်ခြင်းနှင့်အတူ ကရင်နီတစ်မျိုးသားလုံးနှင့် ကရင်နီ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် အခြားတော်လှန်ရေးအင်အားစုအသီးသီးတို့နှင့် ချိတ်ဆက် မှု ခိုင်မာစွာဖြင့် မိမိတို့အားလုံး၏ တူညီသောဘုံရည်မှန်းချက်ဖြစ်သည့် အကြမ်းဖက် စစ်အာဏာရှင် စနစ် ကျရှုံးရေးလုပ်ငန်းစဥ်များအား ဆက်လက် အကောင်အထည်ဖော်ဆောင်နိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။

၂။            ကရင်နီပြည်သည် သီးခြားလွတ်လပ်ခဲ့သော်လည်း ဖ.ဆ.ပ.လ အစိုးရက ကရင်နီလူမျိုး တို့၏ သီးခြားလွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို စတင်ထိပါးလာသော အချိန်ဖြစ်သည့် ၁၉၄၈ ခုနှစ်မှ စ၍ ယနေ့ထိတိုင် ကရင်နီတိုင်းရင်းသားများသည် နည်းလမ်းအမျိုးမျိုးဖြင့် အာဏာရှင် စနစ်ဆိုးအား ဆန့်ကျင်တော်လှန်နေကြခြင်း ဖြစ်ပါသည်။ ကရင်နီလူမျိုးများ၏ ကြိုးပမ်းဆောင်ရွက် မှုများသည် သမိုင်းစာမျက်နှာတွင် ပုံရိပ်ကောင်းများအဖြစ် ထင်ကျန်နေဆဲဖြစ်ပါသည်။

၃။         ခေတ်အဆက်ဆက်နှင့် နွေဦးတော်လှန်ရေးတွင် မြင့်မြတ်စွာ ပေးဆပ်မှု ကြီးမားခဲ့ကြ သော အာဇာနည်သူရဲကောင်းအပေါင်းတို့၏ မျှော်မှန်းချက်များ အောင်မြင်ရန်အတွက် ဆက်လက် ဖော်ဆောင်ကြိုးစားသွားကြရန် လက်ရှိကာလသည် လွန်စွာအရေးကြီးသည့်ကာလ ဖြစ်ပါသည်။ ၎င်းတို့၏ ပေးဆပ်မှုများ အချည်းနှီးမဖြစ်စေရန်မှာ မိမိတို့အားလုံး၏ ပခုံးလွှဲပြောင်း သမိုင်းပေး တာဝန်သာ ဖြစ်ပါသည်။ ပြည်သူလူထုရှေ့မှောက်တွင် ဒူးထောက်အညံ့ခံကြရတော့မည့် အကြမ်းဖက် စစ်အာဏာရှင်နှင့် အပေါင်းအပါတို့သည် အကြမ်းဖက်နည်းလမ်းပေါင်းစုံဖြင့် ပြည်သူနှင့်နိုင်ငံအား အလုံးစုံပျက်စီးစေရန် ပိုမိုလုပ်ဆောင်လာနိုင်သည့်အတွက်လည်း မိမိတို့အားလုံးအနေဖြင့် လက်တွဲ ခိုင်မာစွာ ကြံ့ကြံ့ခံ ရပ်တည်ရှင်သန်ကြရမည်ကိုလည်း အသိပေးလိုပါသည်။

၄။         မိမိတို့နိုင်ငံတွင် သမိုင်းအဆက်ဆက် တော်လှန်ရေးခရီးကြမ်းများသည် ရှည်ကြာလှ သော်လည်း မိမိတို့တိုင်းရင်းသားပြည်သူအားလုံးတို့၏ ခိုင်မာသော ယုံကြည်ချက်၊ ခံယူချက်၊ စုစည်းမှုအင်အားတို့သည် အလွယ်တကူ ကွယ်ပျောက်မသွားဘဲ အကြမ်းဖက် အာဏာရှင်တို့က မည်သည့်နည်းလမ်းဖြင့်မဆို ဖျက်ဆီးရိုက်ချိုးမရနိုင်သည်မှာ လက်ရှိအခြေအနေများက သက်သေ ပြလျက်ရှိပါသည်။

၅။        ကရင်နီတိုင်းရင်းသားများအနေဖြင့် ညီညွတ်မှုအခြေပြုသည့် ပြည်သူ့အကျိုးပြု တော်လှန်ရေးအင်အားစုများ ဖြစ်သည်နှင့်အညီ ရှေ့သို့ချီတက်ကြရမည့် ဖက်ဒရယ်ဒီမိုကရေစီခရီး လမ်းတွင် ကောင်းမွန်မြန်ဆန်သော ပြုပြင်ပြောင်းလဲမှုများ ပိုမိုဖော်ဆောင်နိုင်ကြပါစေကြောင်း တိုက်တွန်းလျက် ဤ (၇) နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အား ဝမ်းမြောက်စွာ ဂုဏ်ပြုအပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top