မူလ / (၇၆) နှစ်မြောက် ကရင်အမျိုးသားနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

(၇၆) နှစ်မြောက် ကရင်အမျိုးသားနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်

၁။           ယနေ့ကျရောက်သည့် (၇၆) နှစ်မြောက် ကရင်အမျိုးသားနေ့တွင် ကရင်တိုင်းရင်းသားများနှင့်အတူ မိဘပြည်သူများအားလုံး ဘေးကင်းကျန်းမာလျက် စုစည်းမှုအင်အားဖြင့် မိမိတို့၏ တော်လှန်ရေးဘုံရည်မှန်းချက်များအား အမြန်ဆုံး အကောင်အထည်ဖော်ဆောင်၍ အောင်မြင်နိုင်ကြပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။

၂။            ကရင်တိုင်းရင်းသားတို့သည် တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များအပေါ် အခြေခံထားသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ ကိုယ်စားပြုသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် မဆုတ်မနစ် ကြိုးပမ်းအားထုတ်ခဲ့ကြသည်မှာ ယနေ့အချိန်တွင် (၇၆) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

၃။           ယခုနွေဦးတော်လှန်ရေးကြီးတွင် ကရင်တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် စစ်ဘေးစစ်ဒဏ်ကို ကြံ့ကြံ့ခံလျက် အကြမ်းဖက်စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှတို့အား အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ညီနောင်အခြားတိုင်းရင်းသား တော်လှန်ရေးအင်အားစုအားလုံးတို့နှင့်အတူ တသားတည်းရပ်တည်လျက် ဟန်ချက်ညီညီလက်တွဲကာ တော်လှန်ရေးတိုက်ပွဲများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အတွက် ပြည်သူများကိုယ်စား ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း ဖော်ပြလိုပါသည်။ ပြည်ထောင်စုတစ်ဝှမ်းလုံးတွင် ပြည်သူများအားလုံး ပါဝင်ဆင်နွှဲလျက်ရှိသော ပြည်သူ့တော်လှန်ရေးကြီးမှသည် မဝေးသောကာလတွင် ကရင်တိုင်းရင်းသားများအပါအဝင် ညီနောင်တိုင်းရင်းသားအားလုံး လိုလားတောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်အား တည်ထောင်နိုင်မည်ကို အကြွင်းမဲ့ ယုံကြည်ပါသည်။

၄။          မိမိတို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အားလုံးသော ကရင်တော်လှန်ရေးခေါင်းဆောင်ကြီးများအပါအဝင် အခြားတော်လှန်ရေးအင်အားစုအသီးသီးနှင့် အပြည့်အဝ ပူးပေါင်းချိတ်ဆက်လျက် နွေဦးတော်လှန်ရေးကြီး အောင်မြင်ပြီးမြောက်စေရန် အတူတကွ ဆက်လက်ကြိုးစားထမ်းဆောင်သွားမည်ဖြစ်ပါကြောင်း ကတိပြုလျက် ဤ (၇)နှစ်မြောက် ကရင်အမျိုးသားနေ့ သဝဏ်လွှာ အား ထုတ်ပြန်အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top