မူလ / (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာ

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်

၁။              တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအနေဖြင့် သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးနှင့် ကိုယ်ပိုင် လွတ်လပ်ခွင့်၊ တိုင်းပြည်လွတ်လပ်ရေးအတွက် တိုင်းတစ်ပါးသားနယ်ချဲ့တို့အား တွန်းလှန်တိုက် ထုတ်ခဲ့ပြီး မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ်၊ ပြာသိုလဆုတ်(၉)ရက်၊ ခရစ်သက္ကရာဇ် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် လုံးဝလွတ်လပ်သော အချုပ်အခြာပိုင် နိုင်ငံတော်အဖြစ် ကြေညာနိုင် ခဲ့ကာ ယနေ့တွင် (၇၆)နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။ ယနေ့တွင် သမိုင်းစဥ်တစ်လျှောက်၌ လွတ်လပ်မှုကို တန်ဖိုးထားမြတ်နိုးကြကာ ဒီမိုကရေစီအရေးအတွက် ကိုယ်ကျိုးစွန့် ပေးဆပ်ခဲ့ကြသော အာဇာနည် သူရဲကောင်းအပေါင်းတို့အားလည်း မိမိတို့အနေဖြင့် သတိရလွမ်းဆွတ်လျက် ဂုဏ်ယူစွာ ဦးညွှတ် လိုပါသည်။

၂။          နိုင်ငံတော်၏ လွတ်လပ်ရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ခဲ့သော မြန်မာ့တပ်မတော်အား သမိုင်းအဆက်ဆက်တွင် အာဏာယစ်မူးသည့် စစ်ခေါင်းဆောင်များက ကိုယ်ကျိုးစီးပွားအတွက် လက်နက်သဖွယ် အသုံးပြုခဲ့ခြင်းကြောင့် ပြည်တွင်းစစ်မီးရှည်လျားခဲ့ရ သကဲ့သို့ တိုင်းပြည်သည်လည်း စီးပွားရေး၊ လူမှုရေး အဘက်ဘက်တွင် နိမ့်ကျခဲ့ရပါသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အာဏာရှင်များနှင့် အပေါင်းပါ များသည် နိုင်ငံတော်အစိုးရထံမှ အာဏာသိမ်းယူရန် ကြိုးပမ်းခဲ့ခြင်းကြောင့် တပ်မတော်သား များကိုယ်တိုင်အပါအဝင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် အခက်အခဲ၊ အကြပ်အတည်း များစွာအား  ရင်ဆိုင်ကြုံတွေ့ရလျက်ရှိပါသည်။

၃။              ယနေ့ကာလသည်လည်း ခေတ်အဆက်ဆက် စစ်အာဏာရှင်များကဲ့သို့ ပြည်သူလူထု၏ ဆန္ဒသဘောထားများအား မျက်ကွယ်ပြုလျက် သိမ်ဖျင်းယုတ်ညံ့သော၊ အသိဥာဏ်ဆင်ခြင်မှု ကင်းမဲ့သော ကိုယ်ကျိုးစီးပွား အတ္တတရားများသာ အလေးထားကြသည့် အကြမ်းဖက်စစ်ကောင်စီ အုပ်စုသည် တိုင်းပြည်အား လက်နက်အားကိုးဖြင့် အကြမ်းဖက်ဖိနှိပ်အုပ်ချုပ်ရန်နှင့် အလုံးစုံ ပျက်သုဉ်းစေရန် ကြိုးစားနေခြင်းအား မိမိတို့တိုင်းရင်းသားပြည်သူအားလုံးတို့အနေဖြင့် ခေါင်းငုံ့ မခံဘဲ ရင်ဆိုင်တုံ့ပြန်နေကြသည့် ပြည်သူ့တော်လှန်ရေး (၃) နှစ်ပြည့်နီးပါး အချိန်ကာလဖြစ်သည်။

၄။         နိုင်ငံတစ်ဝှမ်းရှိ ပြည်သူ့အစိုးရနှင့်အတူ ပြည်သူများ၏ ကိုယ်စားပြုခွင့် ရရှိထားသော အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ သမဂ္ဂများ၊ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနှင့်အတူ တိုင်းရင်းသားပြည်သူလူထုအင်အားထုကြီးသည် တူညီသောရည်မှန်းချက်ဆီသို့  ဦးတည်ချက် ခိုင်ခိုင်မာမာဖြင့် ညီညွတ်စွာ လျှောက်လှမ်းလျက်ရှိသည်ကို ယနေ့အချိန်ထိ ရရှိခဲ့သော နိုင်ငံရေးနှင့် စစ်ရေးအခြေအနေ သာလွန်မှုများက သက်သေပြလျက်ရှိသည်။ စစ်အာဏာရှင်များအား တိုင်းပြည် အတွင်းမှ အပြီးတိုင်ဖယ်ရှားနိုင်မှသာ စစ်မှန်သည့် ငြိမ်းချမ်းသော နိုင်ငံတော်ကို တည်ဆောက်နိုင် မည်ဖြစ်ရာ စစ်အာဏာရှင်များ၏ အဆုံးသတ်အား စုပေါင်းအားဖြင့် ဆက်လက်ကြိုးပမ်းသွားကြရ မည်ဖြစ်ပါသည်။

၅။              မိမိတို့၏ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တွင် တန်းတူညီမျှသော လွတ်လပ်မှု၊ တရားဥပဒေစိုးမိုးမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းမှုတို့ဖြင့် ပြည်သူအားလုံးထံမှ ဆင်းသက်သော ပြည်သူ့ အုပ်ချုပ်မှုတို့ဖြင့် အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးအား အလုံးစုံအကြွင်းအကျန်မရှိ ဖယ်ရှားနိုင် မည်ကို ယုံကြည်ပါကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ပြည်ထောင်စုတစ်ဝှမ်းလုံးရှိ တိုင်းရင်းသားညီနောင်အားလုံးတို့နှင့်အတူ ပိုမိုခိုင်မာသော စည်းလုံးမှုတို့ တည်ဆောက်၍ ဖက်ဒရယ်ဒီမိုကရေစီခရီးလမ်းအား ရှေ့ဆက်လျှောက်လှမ်းသွားမည် ဖြစ်ပါ ကြောင်း ယုံကြည်ခိုင်မာစွာ အလေးအနက်ကတိပြုလျက် ဤ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာ အား ထုတ်ပြန်အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top