မူလ / (၇၅) နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

(၇၅) နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်

၁။           ယနေ့ကျရောက်သည့် (၇၅) နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ အချိန်အခါ သမယတွင် ကရင်တိုင်းရင်းသားများ၊ ကရင်ခေါင်းဆောင်ကြီးများအားလုံးနှင့်အတူ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ ဘေးအန္တရာယ်အပေါင်း ကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက် တော်လှန်တိုက်ပွဲများအားလုံးတွင် အောင်မြင်မှုများ ဆွတ်ခူးပိုင်ဆိုင်နိုင်ပါစေကြောင်း ဆန္ဒပြုအပ် ပါသည်။

၂။            ကရင်တိုင်းရင်းသားတို့သည် ကိုယ်ပိုင်သမိုင်း၊ ဘာသာစကား၊ စာပေ၊ ယဥ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းစဥ်လာများအား တန်ဖိုးထားလေးစားလျက် လူမျိုးတစ်မျိုး၏ အင်္ဂါရပ်များနှင့် ပြည့်ဝ စုံညီစွာ အခြေချနေထိုင်ခဲ့သော လူမျိုးများဖြစ်ပါသည်။ ကရင်တိုင်းရင်းသားတို့သည် တန်းတူညီမျှမှု နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များအပေါ် အခြေခံထားသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ ကိုယ်စားပြုသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့ကြသည်မှာ ယနေ့အချိန်တွင် စိန်ရတုနှစ် (၇၅) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

၃။           နွေဦးတော်လှန်ရေးကြီးတွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စုစည်းညီညွတ်မှုနှင့် တော်လှန်ရေးအင်အားစုအားလုံး၏ ကြိုးပမ်းမှုများနှင့်အတူ ဟန်ချက်ညီညီလက်တွဲကာ ပူးပေါင်း ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် အကြမ်းဖက်စစ်အာဏာရှင်တို့သည် အပြီးတိုင်ပြိုကွဲပျက်သုဉ်းခြင်း အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့၏ နေဝင်ချိန် ပိုမို နီးကပ်လာသည်နှင့်အတူ မိမိတို့ တော်လှန်ရေးအင်အားစုများအကြားတွင် အမျိုးမျိုးသော သပ်လျှို သွေးခွဲမှုများအား ပိုမိုပုံဖော်လုပ်ဆောင်လာမည် ဖြစ်ပါသည်။ ၎င်းတို့က မည်သို့ပင် သွေးခွဲမှုများ လုပ်ဆောင်နေစေကာမူ မိမိတို့အားလုံးသည် ယင်းသပ်လျှိုသွေးခွဲမှုများအား မိမိတို့၏ စုစည်း ညီညွတ်မှုအင်အားအဖြစ် အသွင်ပြောင်းယူကာ ဘုံရည်မှန်းချက်ဆီသို့ တွဲလက်မဖြုတ်စတမ်း ရှေ့ဆက်ချီတက်ကြရမည် ဖြစ်ပါသည်။

၄။           နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်ရေးအတွက် ဘက်ပေါင်းစုံ၊ ထောင့်ပေါင်းစုံမှ စည်းလုံးညီညွတ်မှု၊ ဇွဲ၊ လုံ့လ၊ အပြန်အလှန် နားလည်ယုံကြည်မှုတို့နှင့်အတူ ရှေ့ဆက်ချီတက် ကြစေလိုကြောင်း လေးလေးနက်နက် တိုက်တွန်းလိုပါသည်။ ခေတ်အဆက်ဆက် ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြသော ကရင်အာဇာနည်သူရဲကောင်း ခေါင်းဆောင်ကြီးများနှင့်တကွ ယနေ့ နွေဦးတော်လှန်ရေး လမ်းခုလတ်တွင် ကျဆုံးသွားခဲ့ကြသော ကရင်အာဇာနည် သူရဲကောင်းအပေါင်းတို့အား ဤသဝဏ်လွှာမှတစ်ဆင့် လေးစားစွာ ဦးညွှတ် ဂုဏ်ပြုအပ်ပါသည်။ သူရဲကောင်းအပေါင်းတို့၏ ကြိုးစားအားထုတ်ခဲ့မှု၊ မျှော်ရည်ကြံတွေးချက်များ နှင့် သမိုင်းကြောင်းဂုဏ်ရည်အဝဝကိုလည်း တန်ဖိုးထားလေးစားပါကြောင်း ဖော်ညွှန်းလိုပါသည်။

၅။           မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်ရေးအတွက် ကရင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် အခြားသော တော်လှန်ရေး အဖွဲ့အစည်းများအားလုံးနှင့်အတူ တော်လှန်ရေးအရှိန်အဟုန်ကို မြှင့်တင်ဆောင်ရွက်သွားနိုင်ရေး တို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မိမိတို့နိုင်ငံတွင် စစ်အာဏာရှင်စနစ်ဆိုး၏ အကျိုးဆက်ကြောင့် တောက်လောင်ခဲ့ရသည့် ပြည်တွင်းစစ်မီးအား မကြာမီအချိန်အတွင်း အမြန်ဆုံး ငြှိမ်းသတ်နိုင်ရေးနှင့် တိုင်းရင်းသားပြည်သူများအားလုံး မျှော်လင့်တောင့်တနေကြသည့် နိုင်ငံ တစ်ဝှမ်း စစ်အာဏာရှင်စနစ် ပပျောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေး ဆက်လက်လက်တွဲ ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းလျက် (၇၅) နှစ်မြောက် ကရင် အမျိုးသားတော်လှန်ရေးနေ့ သဝဏ်လွှာ ပါးအပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top