မူလ / (၇၅) နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

(၇၅) နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၉ ရက်

၁။         ယနေ့ကျရောက်သည့် စိန်ရတု (၇၅) နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေး နေ့တွင် ပြည်တွင်းပြည်ပရှိ ကရင်နီတိုင်းရင်းသားအပေါင်းနှင့် ပြည်သူများအားလုံး မိမိတို့အားလုံး၏ တူညီသောပန်းတိုင် တူညီသောခံယူချက်စိတ်ဓာတ်များနှင့်အတူ အာဏာရှင်စနစ် ကျဆုံးရေး ဘုံရည်မှန်းချက်အား အမြန်ဆုံး အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်ကြပါစေကြောင်း ဆန္ဒပြု ဆုမွန်ကောင်း တောင်းအပ်ပါသည်။

၂။            ၁၉၄၈ ခုနှစ်မှစ၍ ယနေ့အချိန်ထိတိုင် ကရင်နီတိုင်းရင်းသားများသည် ရရာလက်နက် စွဲကိုင်ကာ အာဏာရှင်များ၏ မတရားဖိနှိပ်အုပ်ချုပ်မှုများအား ခေတ်အဆက်ဆက် ဆန့်ကျင် တော်လှန်ခဲ့ကြပါသည်။ ကရင်နီလူမျိုးများ၏ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် လူ့အခွင့်အရေးများ အတွက် စုစည်းညီညွတ်မှု၊ ခိုင်မာတည်ကြည်မှု၊ ဇွဲလုံ့လကြီးမြတ်မှုများကို အခြေတည်လျက် အပြည့် အဝ ကြိုးပမ်းထမ်းဆောင်မှုများသည် မော်ကွန်းတင်ထင်ကျန်နေမည်မှာ မလွဲဧကန် ဖြစ်ပါသည်။

၃။           အာဏာရှင်စနစ်ဆိုး အကြွင်းအကျန်မရှိ အပြီးသတ်ချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသား ပြည်သူများအားလုံး တွဲလက်ညီညီဖြင့် ပေါင်းစည်းမှုအား လက်တွေ့ဖော်ပြလျက် ကရင်နီတစ်မျိုးသား လုံးနှင့် ကရင်နီတိုင်းရင်းသားခေါင်းဆောင်များအနေဖြင့်လည်း အခြားတော်လှန်ရေး အင်အားစု အသီးသီးတို့နှင့် အစုအဖွဲ့ညီညီ တိုက်ပွဲဝင်ရင်း ကဏ္ဍအသီးသီးတွင် ဦးဆောင်ဦးရွက်ပြုကာ တာဝန် များအား ကျေပွန်စွာ ထမ်းဆောင်လျက်ရှိပါသည်။ ခေတ်အဆက်ဆက်နှင့် နွေဦးတော်လှန်ရေးတွင် မြင့်မြတ်စွာ အသက်ပေးခဲ့ကြရသော အာဇာနည်သူရဲကောင်းအပေါင်းတို့အား ဤသဝဏ်လွှာမှ တစ်ဆင့် လေးစားစွာ ဂုဏ်ပြု ဦးညွှတ်လိုပါသည်။

၄။              မိမိတို့အားလုံး၏ စုစည်းမှုအင်အား အရှိန်အဟုန်သည် သမိုင်းအဆက်ဆက် အာဏာရှင် များအား ခုခံတော်လှန်မှုတွင် လွန်စွာစွမ်းအားသက်ရောက်သည်ကို ဤထူးမြတ်သောအခါသမ (၇)နှစ်တိုင် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့တွင် ပိုမိုရှင်းလင်းစွာ တွေ့မြင်နိုင်ကြသလို အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးလုပ်ငန်းစဥ်များတွင်လည်း စုစည်းမှု အင်အားကို ဆက်လက်ထိန်းသိမ်းကာ ရှေ့သို့ချီတက်ကြပါစို့ဟု တိုက်တွန်းလျက် သဝဏ်လွှာအား ဝမ်းမြောက်ဂုဏ်ယူစွာ ပေးပို့အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top