၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်
၁။ ၁၉၆၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော ကချင်လွတ်လပ်ရေးအဖွဲ့သည် အမျိုးမျိုးသော စိန်ခေါ်မှုအခက်အခဲများကို ရင်ဆိုင်ကျော်လွှားခဲ့ ပြီး ကချင်ပြည်သူလူထု၏ အားကိုးအားထားပြုရသော အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ခဲ့သည်မှာ ယနေ့အချိန်တွင် (၆၅) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ ယနေ့ကျရောက်သည့် (၆၅) နှစ်မြောက်နေ့ ကချင်လွတ်လပ်ရေးအဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း နေ့ထူးနေ့မြတ်ကို ကချင်လွတ်လပ်ရေးအဖွဲ့မှ ခေါင်းဆောင်ကြီးများ၊ ရဲဘော်များနှင့်တကွ ကချင်ပြည်သူလူထုအားလုံးနှင့်အတူ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ကြိုဆိုဂုဏ်ပြုအပ်ပါသည်။
၂။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် မဟာမိတ်များရရှိခဲ့သည့် နိုင်ငံရေးအရ တိုးတက်မှုများ၊ စစ်ရေးအရ သိသာထင်ရှားသော အောင်ပွဲများနှင့် နယ်မြေထိန်းချုပ်မှု ရရှိထားနိုင်မှုတို့အတွက် ဂုဏ်ယူလေးစားရပါကြောင်း ဖော်ပြလိုပါသည်။ မြန်မာပြည်သူလူထုတစ်ရပ်လုံး မျှော်မှန်းတောင့်တနေသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဟူသော ပင်လုံကတိကဝတ်ကို မမေ့မလျော့ဘဲ မဆုတ်မနစ် ကြိုးပမ်းတိုက်ပွဲဝင်နေမှုကို မိမိတို့အနေဖြင့် လေးစားဂုဏ်ယူကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည်။
၃။ ပင်လုံစာချုပ်ပါ ကတိကဝတ်များနှင့် စစ်မှန်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် (၆၅) နှစ်တာ ကာလတစ်လျှောက်တွင် အသက်၊ သွေး၊ ချွေးများ ပေးဆပ်ခဲ့ကြရသော ကချင်အမျိုးသားခေါင်းဆောင်ကြီးများ၊ ရဲဘော်ရဲဘက်များနှင့် ကချင်ပြည်သူလူထုအား ဦးညွှတ်အလေးပြုအပ်ပါသည်။
၄။ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ကချင်လူထုအပါအဝင် တစ်နိုင်ငံလုံးရှိ ပြည်သူလူထု၏ တော်လှန်ရေးစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှုသည် အလွန်အရေးကြီးပါသည်။ မိမိတို့အားလုံး၏ ရည်မှန်းချက်မှာ တိုင်းရင်းသားအားလုံး တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တရားမျှတရေးကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ရန် ဖြစ်ပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ထိုရည်မှန်းချက်ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေးအတွက် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ တော်လှန်ရေးအင်အားစုများအားလုံးနှင့် အတူလက်တွဲ ချီတက်သွားမည်ဖြစ်ပါသည်။
၅။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အနေဖြင့် တော်လှန်ရေးအင်အားစုအားလုံးတို့၏ အဓိက ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို အခြားသော မဟာမိတ် အင်အားစုများအားလုံးနှင့်အတူ ပူးပေါင်း၍ အောင်မြင်သည်အထိ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အလေးအနက် ယုံကြည်ပါသည်။ ကချင်ပြည်သူလူထုနှင့် မြန်မာပြည်သူတစ်ရပ်လုံး လိုလားတောင့်တသော စစ်မှန်သော တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို မကြာမီအချိန်အတွင်း အောင်မြင်စွာ တည်ဆောက်နိုင်ပါစေကြောင်း ဆန္ဒပြုလျက် ဤ (၆၅) နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်းနေ့ သဝဏ်လွှာအား ဂုဏ်ယူဝမ်းမြောက်စွာ ပေးပို့အပ်ပါသည်။
The Committee Representing Pyidaungsu Hluttaw


