၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်
၁။ ယနေ့ကျရောက်သည့် (၆၄) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အချိန်အခါသမယတွင် ကချင်တော်လှန်ရေးခေါင်းဆောင်ကြီးများအားလုံးနှင့်အတူ ကချင်တိုင်းရင်းသားများ၊ ရဲဘော်များ အားလုံး ဘေးအန္တရာယ်အပေါင်းကင်းဝေးပါစေကြောင်း ဆုမွန်တောင်းလျက် ခေတ်အဆက်ဆက် တော်လှန်ရေးခရီးတွင် ပါဝင်ခဲ့ကြသော အသက်ပေးအပ် စွန့်လွှတ်ခဲ့ကြသည့် ကချင်သူရဲကောင်း အာဇာနည်ရဲဘော်အပေါင်းတို့အားလည်း မိမိတို့အနေဖြင့် လေးစားစွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။
၂။ လူမျိုးကြီးဝါဒနှင့် ဘာသာရေးကိုအခြေခံသည့် အမျိုးသားရေးဝါဒများ အားကောင်းနေ သည့် ခေတ်သမိုင်းတစ်ခုတွင် ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင် လွတ်လပ်ရေးတပ်မတော် (KIO/ KIA) ဦးဆောင်သော ကချင်တိုင်းရင်းသားများသည် တန်းတူညီမျှရေး၊ တရားမျှတမှုရရှိရေး၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်ရရှိရေးတို့အတွက် ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် မတရားဖိနှိပ်အုပ်ချုပ်မှုများအား လက်နက်ကိုင် စတင်တော်လှန်ခဲ့ ကြပါသည်။ ယင်းနေ့ထူးနေ့မြတ်အား ကချင်လူမျိုးများ၏ အလေးအမြတ်ထားရာ ကချင်တော်လှန် ရေးနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ကျင်းပခဲ့ကြသည်မှာ ယနေ့အချိန်တွင် (၆၄) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။
၃။ ကချင်တိုင်းရင်းသားများသည် ကချင့်တော်လှန်ရေးအတွက် ရပ်တည်ချက်နှင့် မူဝါဒများ ခိုင်မာအားကောင်းလှပါသည်။ မိမိတို့လူမျိုးအတွက် တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတို့အတွက် ခေတ်အဆက်ဆက် တိုင်းပြည်နှင့်လူမျိုးအပေါ် ဂုတ်သွေးစုပ် အမြတ်ထုတ်နေသော အကြမ်းဖက်စစ်အာဏာရှင်များကို ရရာနည်းလမ်းဖြင့် တွန်းလှန်တိုက်ပွဲဝင် ခဲ့ကြသည်မှာ ယနေ့အချိန်အထိဖြစ်ပါသည်။
၄။ မိမိတို့၏ တိုင်းပြည်အား အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက် နိုင်ရန် အခြေခံမူများချမှတ်ထားရာတွင် ဖက်ဒရယ်ပြည်ထောင်စုသည် နိုင်ငံရေးနှင့်ဘာသာရေး ရောယှက်ခြင်းမရှိသော ဘာသာရေးကိုအခြေမခံသော နိုင်ငံရေးစနစ်အား ကျင့်သုံးမည်ဟု ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်၌ သဘောတူဖော်ပြထားပြီးဖြစ်ပါသည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီနှင့် ကြားကာလကချင်နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (KPICT) တို့ အကြားတွင် နိုင်ငံရေးအရ ပိုမိုထိရောက်အောင်မြင်စွာ နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်နိုင်ရန် သဘောတူညီချက်တစ်ရပ်ကို ၂၀၂၁ ခုနှစ်၊ မေလ (၂၇) ရက်နေ့တွင် လက်မှတ်ရေးထိုး သဘောတူ ခဲ့ပြီးဖြစ်ပါသည်။ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် မိမိတို့အနေဖြင့် ကချင်အမျိုးသားထုတစ်ရပ်လုံးနှင့်အတူ လက်တွဲ ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၅။ ၂၀၂၅ ခုနှစ်သည် ကချင်တိုင်းရင်းသားများအတွက်သာမက အခြားသော တိုင်းရင်းသား ပြည်သူများအတွက်လည်း အောင်ပွဲများစွာဆောင်ကြဉ်းပေးမည့် နှစ်တစ်နှစ် ဖြစ်မည်ကို အခိုင်အမာ ယုံကြည်ပါသည်။ ကချင်တိုင်းရင်းသားများ၏ ခိုင်မာသော ဇွဲ၊ သတ္တိ၊ လုံ့လနှင့်စွမ်းဆောင်မှု အရည်အချင်းများကြောင့် ကချင်ပြည်နယ်သည် မကြာမီ အချိန်ကာလတွင် စစ်အာဏာရှင်စနစ် ကင်းစင်ပြီး မိမိလူမျိုးအကျိုးအတွက် မိမိတို့ကံကြမ္မာ၊ မိမိတို့အနာဂတ်ကို ကိုယ်တိုင် ဖန်တီးပုံဖော် ထုဆစ်နိုင်တော့မည်ဖြစ်ပါသည်။ ကချင်တိုင်းရင်းသားများသည် ကြမ်းတမ်းခက်ခဲမှုများစွာကို ဖြတ်ကျော်ကာ အောင်ပွဲများဖြင့်လည်း အောင်လံလွှင့်ထူကာ သမိုင်းကောင်းများဖြင့် ကမ္ဗည်းထိုး နိုင်ခဲ့ပြီ ဖြစ်ပါသည်။
၆။ ယခုလက်ရှိအချိန်သည် မိမိတို့နိုင်ငံအတွက် အရေးကြီးသော အချိန်ကာလ ဖြစ်ကာ တိုင်းရင်းသားပြည်သူများနှင့် တော်လှန်ရေးအင်အားစုများအားလုံး ညီညွတ်မှုကို ပိုမိုခိုင်မာ တောင့်တင်းအောင် တည်ဆောက်ကြရမည်ဖြစ်ပါသည်။ တိုင်းရင်းသားပြည်သူများ၏ ညီညွတ်မှု အင်အားကသာ အကြမ်းဖက်စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်မှန်သမျှကို အဆုံးသတ်ပေး နိုင်မည့် တစ်ခုတည်းသော စွမ်းအင်လက်နက်တစ်ခုဖြစ်ပါသည်။ ကချင်တိုင်းရင်းသားများ အနေဖြင့် ကချင်ပြည်နယ်အတွင်းသာမက မြန်မာတစ်နိုင်ငံလုံး စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ကို အကြွင်းမဲ့ ယုံကြည်ပါသည်။
၇။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် တိုင်းရင်းသားပြည်သူများ အားလုံး တူညီသော လေးစားမှု၊ တူညီသော ဂုဏ်သိက္ခာနှင့် တူညီသော အခွင့်အရေးများ ရရှိရေး နှင့် လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု မခွဲခြားဘဲ တန်းတူညီမျှမှု ရရှိရေးတို့အတွက် ကချင် တိုင်းရင်းသားများအားလုံးနှင့် အတူတကွ လက်တွဲကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုလျက် ဤ (၆၄) နှစ်မြောက် ကချင်တော်လှန်ရေးနေ့သဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။
The Committee Representing Pyidaungsu Hluttaw


