မူလ / (၆၃) နှစ်မြောက် ကချင်တော်လှန်ရေးနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

(၆၃) နှစ်မြောက် ကချင်တော်လှန်ရေးနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်

၁။              ယနေ့ကျရောက်သည့် (၆၃) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အချိန်အခါသမယတွင် ကချင်တိုင်းရင်းသားများ၊ ကချင်တိုင်းရင်းသား ခေါင်းဆောင်ကြီးများအားလုံးနှင့်အတူ ရဲဘော် ရဲဘက်များအားလုံး ဘေးအန္တရာယ်အပေါင်း ကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက် ပြည်သူလူထုတစ်ရပ်လုံး၏ တော်လှန်ရေးရည်မှန်းချက်များ အမြန်ဆုံး အောင်မြင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။

၂။              ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/ KIA) ဦးဆောင်သော ကချင်တိုင်းရင်းသားများသည် တန်းတူညီမျှရေး၊ တရားမျှတမှုရရှိရေး၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်ရရှိရေးတို့အတွက် ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်  မတရားဖိနှိပ်အုပ်ချုပ်မှုများအား လက်နက်ကိုင် စတင်တော်လှန်ခဲ့ကြပြီး ကချင်လူမျိုးများ၏ အလေးအမြတ်ထားရာ ကချင်တော်လှန်ရေးနေ့အဖြစ် ဂုဏ်ပြုသတ်မှတ် ကျင်းပခဲ့ကြသည်မှာ ယနေ့အချိန်တွင် (၆၃) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

၃။           နှစ်ကာလကြာရှည်ပြီဖြစ်သော်လည်း ကချင်တိုင်းရင်းသားတို့၏ မျိုးချစ်စိတ်ဓာတ်နှင့် ရဲစွမ်းသတ္တိတို့သည် ပိုမိုရှင်သန်တက်ကြွနေဆဲဖြစ်ပါသည်။ ကချင်တိုင်းရင်းသားတို့သည် စစ်အာဏာရှင် ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့ကြရုံမျှမက ယနေ့ နွေဦးတော်လှန်ရေးတွင် ဘုံရည်မှန်းချက်ပန်းတိုင်ဆီသို့ တော်လှန်ရေးအင်အားစုများအားလုံးနှင့် အတူလက်တွဲ လျှောက်လှမ်းနေကြသည့်အတွက် လေးစားဂုဏ်ယူရပါကြောင်း ဖော်ပြအပ်ပါသည်။ ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် စွန့်လွှတ်စွန့်စားမှု၊ ပေးဆပ်မှုတို့ဖြင့် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြသော ကချင်အာဇာနည်သူရဲကောင်း ခေါင်းဆောင်ကြီးများနှင့်တကွ ယနေ့ နွေဦးတော်လှန်ရေး လမ်းခုလတ်တွင် ကျဆုံးသွားခဲ့ကြသော ကချင်အာဇာနည်သူရဲကောင်း အပေါင်းတို့အား ဤသဝဏ်လွှာမှတစ်ဆင့် လေးစားစွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။

၄။         မိမိတို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းစေရေးနှင့် တိုင်းရင်းသားပြည်သူများ လိုလားတောင့်တနေသော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်နိုင်ရေးတို့အတွက် တော်လှန်ရေးအင်အားစုများအားလုံးနှင့် အတူတကွ ဆက်လက်ကြိုးပမ်းတိုက်ပွဲ၀င်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုလျက် ဤ (၆၃) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ သဝဏ်လွှာအား ဂုဏ်ယူလေးစားစွာ ပေးပို့အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top