မူလ / (၆၃) နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးလှုပ်ရှားမှုနေ့ သဝဏ်လွှာ

(၆၃) နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးလှုပ်ရှားမှုနေ့ သဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်

၁။ အကြမ်းဖက် စစ်အာဏာရှင် နေဝင်း ဦးဆောင်သည့် အာဏာသိမ်းစစ်အုပ်စုသည် တက္ကသိုလ်ကျောင်းသားထုအပေါ် ဖိနှိပ်ချုပ်ချယ်သည့် ကျောင်းဆောင်စည်းကမ်း (၂၂) ချက်ကို ထုတ်ပြန်ခဲ့သည့်အတွက် ကျောင်းသားထုနှင့် ကျောင်းသားသမဂ္ဂများက ဆန့်ကျင်ဆန္ဒပြရာမှ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကျောင်းသားအရေးအခင်းသည် ယနေ့ အချိန်တွင် (၆၃) နှစ်မြောက် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ ထိုနေ့သည် မြန်မာ့သမိုင်းတွင် ဒီမိုကရေစီအတွက် အသက်ပေးခဲ့ရသော ကျောင်းသားသူရဲကောင်းများကို မွေးထုတ်ပေးခဲ့သည့်အပြင် စစ်အာဏာရှင်တို့၏ ရက်စက်ကြမ်းကြုတ်မှုကို သိစေခဲ့သော သမိုင်းဝင်နေ့တစ်နေ့လည်း ဖြစ်ပါသည်။

၂။ မြန်မာ့သမိုင်း ခေတ်အဆက်ဆက်တွင် ကျောင်းသားထုသည် မတရားမှုများကို ဆန့်ကျင်တွန်းလှန်ရင်း ရှေ့တန်းမှ ဦးဆောင်ခဲ့ကြသူများဖြစ်ပြီး ယခုလက်ရှိ နွေဦးတော်လှန်ရေးတွင်လည်း မျိုးဆက်သစ် ကျောင်းသားလူငယ်တို့သည် အကြမ်းဖက်စစ်အာဏာရှင်များ၏ ရက်စက်ကြမ်းကြုတ်မှုများစွာကို အံတုကာ ၎င်းတို့၏ ဘဝနှင့် အနာဂတ်ကို ပေးဆပ်လျက် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် မဆုတ်မနစ် ကြိုးပမ်းပါဝင်လျက်ရှိရာ တိုင်းပြည် ပြုပြင်ပြောင်းလဲမှုများတွင် ကျောင်းသားလူငယ်တို့၏ တာဝန်ယူလိုမှု၊ တာဝန်သိမှုနှင့် တာဝန်ကျေပွန်မှုတို့ကို ထင်ရှားစွာ မြင်တွေ့ရသည်မှာ တိုင်းပြည်အတွက် ကြီးမားသော ခွန်အားတစ်ရပ်ပင် ဖြစ်ပါသည်။

၃။ ခေတ်အဆက်ဆက် ဒီမိုကရေစီခရီးလမ်းတွင် ကျောင်းသားလူငယ်များစွာကို အကြမ်းဖက်စစ်အာဏာရှင်များက နည်းလမ်းအမျိုးမျိုးဖြင့် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့သော်လည်း ကျောင်းသားလူငယ်များ၏ နှလုံးသားထဲတွင် ကိန်းအောင်းလျက်ရှိသော စစ်မှန်သည့် တော်လှန်ရေးစိတ်ဓာတ်ကိုမူ မည်သည့်အာဏာရှင်စနစ်ကမျှ ချုပ်ငြိမ်းအောင် မလုပ်ဆောင်နိုင်ခဲ့ပါ။ ဆဲဗင်းဂျူလိုင်နေ့တွင် ကျဆုံးသွားကြသော ကျောင်းသားလူငယ် အာဇာနည်သူရဲကောင်းများနှင့်တကွ ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြရသော ကျောင်းသားလူငယ် အာဇာနည်သူရဲကောင်းအပေါင်းတို့အား ဤသဝဏ်လွှာမှတစ်ဆင့် ဦးညွှတ်အလေးပြုအပ်ပါသည်။

၄။ ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးအခင်းကဲ့သို့ သမိုင်းဝင်ဖြစ်ရပ်များနှင့် ယနေ့ နွေဦးတော်လှန်ရေးတိုက်ပွဲတွင်လည်း ကျောင်းသားလူငယ်တို့၏ ရဲဝံ့ပြတ်သားသည့် စိတ်ဓာတ်၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုကို မြတ်နိုးသည့်စိတ်ဓာတ်များကို အထင်အရှား မြင်တွေ့ရပါသည်။ ယနေ့ ကျောင်းသားလူငယ်များသည် တိုင်းပြည်၏ အရေးအကြီးဆုံး အရင်းအမြစ်ဖြစ်သကဲ့သို့ အနာဂတ်တွင် တိုင်းပြည်၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် မျိုးဆက်သစ်လူငယ်များဖြစ်သည့်အတွက် ၎င်းတို့၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါလှပါသည်။ တိုင်းပြည်တစ်ပြည် တိုးတက်ပြောင်းလဲရန်နှင့် နိုင်ငံရေးစနစ် ခိုင်မာအားကောင်းစေရန်မှာ ကျောင်းသားလူငယ်များ၏ အတွေးအခေါ်၊ ဉာဏ်ပညာ၊ ရဲရင့်ပြတ်သားမှုနှင့် ခေါင်းဆောင်မှုတို့သည် မရှိမဖြစ်လိုအပ်သော အင်အားတစ်ရပ် ဖြစ်ပါသည်။

၅။ ပြည်သူလူထုအားလုံး ညီညွတ်နေပါက မည်သည့်အာဏာရှင်စနစ်ကိုမဆို ဖြိုချဖျက်ဆီးနိုင်မည်မှာ မလွဲဧကန်ဖြစ်ပါသည်။ စစ်အာဏာရှင်များသည် ပြည်သူလူထုအချင်းချင်းအကြား သပ်လျှိုသွေးခွဲမှုများလုပ်ဆောင်ခြင်းဖြင့် ညီညွတ်မှုပြိုကွဲစေရန် လုပ်ဆောင်နေမှုများကို ပြည်သူလူထုအနေဖြင့် ဉာဏ်အမြော်အမြင်ကြီးစွာဖြင့် ရှောင်ရှားနိုင်ရန် အလွန်အရေးကြီးပါသည်။ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့တွင် တူညီသောပန်းတိုင်သို့ လျှောက်လှမ်းနေကြသော တော်လှန်ရေးအင်အားစုအားလုံးနှင့်အတူ အချင်းချင်း အပြန်အလှန် နားလည်ယုံကြည်မှုတို့ကို ပိုမိုခိုင်မာအောင်တည်ဆောက်၍ တော်လှန်ရေးအောင်မြင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ပြုလျက် ဤသဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top