၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်
၁။ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့၊ နံနက် ၁၀ နာရီတွင် ကျင်းပသည့် စစ်ကိုင်းဖက်ဒရယ် ယူနစ်လွှတ်တော်၊ ပဉ္စမပုံမှန်အစည်းအဝေးသို့ ကြွရောက်လာကြသော ဧည့်သည်တော်များအားလုံးနှင့်တကွ မိဘပြည်သူများအားလုံး ဘေးအမျိုးမျိုး ကင်းဝေးကာ မင်္ဂလာအပေါင်း ခညောင်းပါစေကြောင်း မိမိတို့အနေဖြင့် ဆုမွန်ကောင်းတောင်းအပ်ပါသည်။
၂။ ယနေ့အစည်းအဝေးတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်အနေဖြင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) အား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းကာ အတည်ပြုမည့်လုပ်ငန်းစဉ်အား ဆောင်ရွက်သွားမည်ကို သိရှိရသည့်အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဂုဏ်ယူပါကြောင်း ဖော်ပြလိုပါသည်။ ရှေ့ဆက်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များကိုလည်း အခြေခံမူများနှင့်အညီ ညီညွတ်မျှတစွာ ဟန်ချက်ညီညီဖြင့် ချိတ်ဆက်လုပ်ဆောင်သွားကြရန် တိုက်တွန်းလိုပါသည်။
၃။ ဒေသခံပြည်သူများသာမက နိုင်ငံတဝှမ်းမှ ပြည်သူများအတွက် နွေဦးတော်လှန်ရေးကာလအတွင်း ဖြစ်ထွန်းတိုးတက်လာသော စစ်ကိုင်းဒေသတော်လှန်ရေး အခြေအနေများသည် လွန်စွာ ဂုဏ်ယူဝမ်းမြောက်ကြရသည့် အောင်ပွဲများ ဖြစ်ပါသည်။ ယခုကဲ့သို့ ကောင်းမွန်သော အခြေအနေများအား ဆက်လက်ထိန်းသိမ်းထားရှိကာ အန္တိမဘုံရည်မှန်းချက်များအား ပြည့်ဝအောင် အင်အားစုများအကြားတွင် ပိုမိုခိုင်မာသောယုံကြည်မှုများ တည်ဆောက်လျက် ရှေ့လုပ်ငန်းစဉ်များ အား ဆောင်ရွက်သွားနိုင်မည်ကို ယုံကြည်ပါသည်။
၄။ နိုင်ငံတစ်နိုင်ငံတွင် လွှတ်တော်၏ အခန်းကဏ္ဍသည် အရေးကြီးသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကာ မိမိတို့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လက်ရှိနွေဦးတော်လှန်ရေးအတွက်သာမက အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးအတွက် ဒေသအသီးသီးမှ အင်အားစုများ၊ ပြည်သူလူထုအားလုံးနှင့်အတူတကွ ဆက်လက်ချိတ်ဆက်ဆောင်ရွက်ရင်းဖြင့် မိမိတို့ အားလုံး၏ ဦးတည်ရာ ခရီးဆုံးပန်းတိုင်ဆီသို့ အောင်မြင်စွာ လျှောက်လှမ်းသွားနိုင်မည်ကို အပြည့်အဝ ယုံကြည်လျက် ဤသဝဏ်လွှာအား ဝမ်းမြောက်စွာ ပေးပို့အပ်ပါသည်။
The Committee Representing Pyidaungsu Hluttaw


