၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်
၁။ (၄၉) နှစ်ပြည်မြောက်ခဲ့ပြီဖြစ်သော ကချင်အာဇာနည်နေ့တွင် ခေတ်အဆက်ဆက် ကာယအား၊ ဉာဏအားတို့ဖြင့် အသက်ပေးဆပ်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြရသော ကချင်ခေါင်းဆောင် ကြီးများနှင့် ကချင်အာဇာနည်သူရဲကောင်းအပေါင်းတို့အား မိမိတို့အနေဖြင့် ကချင်တိုင်းရင်းသား ညီအစ်ကိုသွေးချင်းများနှင့် ထပ်တူထပ်မျှ အောက်မေ့သတိရလျက် လေးမြတ်စွာ ဂုဏ်ပြုလိုပါသည်။
၂။ ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization-KIO)၊ ကချင် လွတ်လပ်ရေးတပ်မတော် (Kachin Independence Army-KIA) တို့ကို စတင်ထူထောင်ကာ ကချင် တော်လှန်ရေးအား ဦးဆောင်ပါဝင်ခဲ့ကြသော ကချင်အမျိုးသား ခေါင်းဆောင်များ ဖြစ်ကြသည့် KIO/KIA ဥက္ကဋ္ဌ စစ်ဦးစီးချုပ် ဗိုလ်ချုပ် GOC-Lahtaw Zau Seng၊ ဒုတိယ စစ်ဦးစီးချုပ် VCS-Lahtaw Zaw Tu နှင့် အထွေထွေအတွင်းရေးမှူး Salang Kaba PungShwi Zau Seng တို့ ကျဆုံး ခဲ့ကြသည့်နေ့အား ဂုဏ်ပြုလေးစားလျက် ကချင်အာဇာနည်နေ့အား ကျင်းပခဲ့ကြရာ ၎င်းတို့၏ အားကျအတုယူဖွယ်ရာ ဂုဏ်အရည်အချင်းတို့သည် ယနေ့အချိန်ထိတိုင် ရှင်သန်နေဆဲပင်ဖြစ်ပါသည်။
၃။ လက်ရှိနွေဦးတော်လှန်ရေးကြီးသည် နှစ်ပေါင်းများစွာကြာ အခိုင်အမာအမြစ်တွယ်ခဲ့သည့် အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးအား အမြစ်ပြတ်ရှင်းထုတ်နိုင်မည့် သမိုင်းဝင်တော်လှန်ရေးကြီး ဖြစ်ကာ ကချင်တစ်မျိုးသားလုံးအနေဖြင့်လည်း အခြားသောတော်လှန်ရေး အင်အားစုအသီးသီး တို့နှင့် မြေပြင်တွင် လက်တွေ့ကျကျ ပူးပေါင်းပါဝင် တိုက်ပွဲဝင်လျက်ရှိသည့်အတွက် ပြည်သူများ ကိုယ်စား ကျေးဇူးတင် ဝမ်းမြောက်မိပါကြောင်း ဖော်ပြလိုပါသည်။
၄။ ပြည်သူသည်သာ အဓိက၊ ပြည်သူသည်သာ တော်လှန်ရေးတပ်ဦးဖြစ်သည်နှင့်အညီ ကချင်ပြည်သူများအားလုံးတို့သည် အကြမ်းဖက်စစ်တပ်နှင့် စစ်အာဏာရှင်တို့၏ အမျိုးမျိုးသော လေကြောင်းတိုက်ခိုက်မှုများ၊ ဗုံးကြဲပစ်ခတ်မှုများ၊ ဖမ်းဆီးညှဉ်းပန်း သတ်ဖြတ်မှုများအကြားတွင် ကြံ့ကြံ့ခံရှင်သန်လျက် နွေဦးတော်လှန်ရေးကြီးတွင် ရွပ်ရွပ်ချွံချွံ ပါဝင်တိုက်ပွဲဝင်နေသည်ကိုလည်း မိမိတို့အနေဖြင့် ဤသဝဏ်လွှာမှတစ်ဆင့် မှတ်တမ်းတင် ဦးညွှတ်လိုပါသည်။
၅။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကချင်ပြည်သူများနှင့် ကချင် မျိုးဆက်သစ်အားလုံးတို့သည်ကချင်အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းထားခဲ့သော ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ တန်းတူရေး၊ တရားမျှတမှုတို့ အပြည့်အဝရရှိခံစားနိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ဆက်လက် ကြိုးစားဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုဆုမွန်ကောင်းတောင်းလျက် (၄၉) နှစ်မြောက် ကချင်အာဇာနည်နေ့ သဝဏ်လွှာအား လေးစားစွာ ဂုဏ်ပြုထုတ်ပြန်အပ်ပါသည်။
The Committee Representing Pyidaungsu Hluttaw


