မူလ / မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဖွဲ့စည်း တည်ထောင်ခြင်း (၃၇) နှစ်မြောက်နေ့သဝဏ်လွှာ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဖွဲ့စည်း တည်ထောင်ခြင်း (၃၇) နှစ်မြောက်နေ့သဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်

၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးသည် မြန်မာ့လက်နက်ကိုင်တော်လှန်ရေးသမိုင်းတွင် ကျောင်းသားကိုယ်စားပြုတပ်အဖြစ် ပထမဆုံး ဖွဲ့စည်းခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။ ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ဖြိုခွင်းခံရပြီးနောက် ကျောင်းသား၊ လယ်သမား၊ အလုပ်သမားနှင့် လူငယ်များ စုစည်း၍ ထူထောင်ခဲ့ခြင်း ဖြစ်ပါသည်။

၂။ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးဟူသော နိုင်ငံရေးရည်မှန်းချက်နှင့် ဦးတည်ချက် (၄) ရပ်ကို ယနေ့အချိန်အထိ မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်လာခဲ့သည်မှာ ယနေ့အချိန်တွင် (၃၇) နှစ်တာ ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ (၃၇) နှစ်တာကာလအတွင်း တော်လှန်ရေးခရီးကြမ်းကို ဖြတ်သန်းခဲ့ပြီး အသက်၊ သွေး၊ ချွေးများ ပေးဆပ်စွန့်လွှတ်ခဲ့ကြသော ABSDF ရဲဘော်များ၊ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသည့် အာဇာနည်သူရဲကောင်း ရဲဘော်အပေါင်းတို့အား ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။

၃။ ယခုလက်ရှိအခြေအနေတွင် တော်လှန်ရေးအင်အားစုအသီးသီးသည် ဘုံရန်သူဖြစ်သော စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချေမှုန်းရန်အတွက် စည်းလုံးညီညွတ်မှုကို အခိုင်မာဆုံးသော လက်နက်အဖြစ် ဆုပ်ကိုင်ထားရန် အထူးအရေးကြီးပါသည်။ ၈၈ စိတ်ဓာတ်ကို အခြေခံပြီး တိုင်းရင်းသားတန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးကို အပြည့်အဝ အာမခံနိုင်ရေး၊ လူမျိုး၊ ဘာသာမရွေး တရားမျှတမှုနှင့် လွတ်လပ်မှုကို အပြည့်အဝ ခံစားနိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။ ပြည်သူ့အာဏာ ပြည်သူ့ထံ အမြန်ဆုံး ပြန်လည်ရောက်ရှိရေးသည် တော်လှန်ရေးအင်အားစုအားလုံး၏ အဓိက ဦးတည်ချက်ဖြစ်သည့်အတွက် စစ်အာဏာရှင်များက ပြည်သူ့ဆန္ဒမပါဝင်သော အတုအယောင်ရွေးကောက်ပွဲဖြင့် နိုင်ငံရေးအရ ဆက်လက်အမြစ်တွယ်ရန် ကြိုးပမ်းနေခြင်းကို အင်အားစုအားလုံး ပူးပေါင်း၍ တားဆီးချေဖျက်ရမည်ဖြစ်ပါသည်။

၄။ ဒီမိုကရေစီကို တန်ဖိုးထားသည့် ကမ္ဘာ့နိုင်ငံတိုင်းသည် ပြည်သူ့ဆန္ဒကိုသာ အဓိကထား၍ နိုင်ငံတည်ဆောက်ကာ ပြည်သူကိုသာ အလေးထားသော အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးသည်။ ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူ့ဆန္ဒကင်းမဲ့သော အတုအယောင်ရွေးကောက်ပွဲသည် မည်သည့်နည်းနှင့်မျှ အောင်မြင်နိုင်မည်မဟုတ်ပေ။ ပြည်သူအပေါ် နည်းမျိုးစုံဖြင့် ရက်စက်ယုတ်မာနေသူများသည် ပြည်သူ့ထောက်ခံမဲကို အကြမ်းဖက်ခြိမ်းခြောက်၍ ရယူရန် ကြိုးပမ်းနေသည့်အတွက် ပြည်သူ၏ ဒဏ်ခတ်အပြစ်ပေးခြင်းကို မလွဲဧကန် ခံကြရမည်ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်သော ပြည်သူလူထု၏ ပြတ်သားသည့် အသံများသည် ယနေ့တွင် တစ်ကမ္ဘာလုံး၌ ရှင်းလင်းစွာ ကြားနေကြပြီဖြစ်ပါသည်။ ဤအချိန်သည် မိမိတို့ တော်လှန်ရေးအင်အားစုအားလုံး၏ အဆုံးအဖြတ်တိုက်ပွဲများကို ပိုမိုအားကောင်းစေမည့် အခွင့်အရေးပင်ဖြစ်ပါသည်။ ပန်းတိုင်နီးလေ အခက်ခဲဆုံးအခြေအနေများကို ကျော်ဖြတ်ရလေ ဖြစ်သည့်အတွက် ဤအခက်ခဲဆုံးအခြေအနေများကို ပြည်တွင်း၊ ပြည်ပရှိ တိုင်းရင်းသားပြည်သူများအားလုံး အတူလက်တွဲ၍ ရင်ဆိုင်ကျော်ဖြတ်သွားကြရန် လေးလေးနက်နက်တိုက်တွန်းအပ်ပါသည်။

၅။ ပြည်သူလူထုထောက်ခံမှုကို ရရှိထားသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အနေဖြင့် (၃၇) နှစ်တာကာလတစ်လျှောက် ခိုင်ခိုင်မာမာရပ်တည်ခဲ့သကဲ့သို့ နောင်နှစ်ပေါင်းများစွာတိုင် ပြည်သူ့အင်အားဖြင့် ဒီမိုကရေစီအရေး ပိုမိုကြိုးပမ်းဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုလျက် ဤသဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု‌ကော်မတီ

Scroll to Top