မူလ / (၃၆) နှစ်မြောက် ချင်းတော်လှန်ရေးနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

(၃၆) နှစ်မြောက် ချင်းတော်လှန်ရေးနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်

၁။           ယနေ့ကျရောက်သည့် (၃၆) နှစ်မြောက် ချင်းတော်လှန်ရေးနေ့အချိန်အခါသမယတွင် ချင်းတိုင်းရင်းသားများ၊ ချင်းတိုင်းရင်းသားခေါင်းဆောင်ကြီးများအားလုံးနှင့်တကွ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး ဘေးအန္တရာယ်အပေါင်းကင်းဝေးကာ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

၂။          ချင်းတိုင်းရင်းသားများသည် စုံလင်သောလူမျိုးစုများစွာဖြင့် စုစည်းတည်ရှိခဲ့ကြပြီး အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်ကာ သမိုင်းတစ်လျှောက်တွင် သူ့ကျွန်မခံလိုစိတ်၊ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်များပြည့်ဝသည့် လူမျိုးများအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ အမျိုးသားရေးတန်းတူညီမျှမှု၊ လွတ်လပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အတွက် အာဏာရှင်အဆက်ဆက်အား ခုခံတွန်းလှန်ရင်းဖြင့် ၁၉၈၈ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့တွင် ချင်းအမျိုးသားတပ်ဦးကို ဖွဲ့စည်း၍ တော်လှန်စစ်ကို ညီညွတ်စွာ စတင်ခဲ့သည်မှာ ယနေ့တွင် (၃၆) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

၃။         ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က နိုင်ငံတော်၏ အာဏာကို အတင်းအဓမ္မသိမ်းယူသည့်အချိန်တွင်လည်း ချင်းတိုင်းရင်းသားတို့သည် တူမီးတော်လှန်ရေးဖြင့် အစပြုကာ သမိုင်းသစ်ကို ရေးထိုးနိုင်ခဲ့ကြပြန်ပါသည်။ ချင်းတိုင်းရင်းသားတို့၏ ရဲစွမ်းသတ္တိနှင့် တိုင်းပြည်နှင့် လူမျိုးအပေါ်ထားရှိသော မျိုးချစ်စိတ်ဓာတ်များမှာ အတုယူလေးစား ဖွယ်ကောင်းလှပါသည်။ ထိုနည်းတူစွာပင် ချင်းတိုင်းရင်းသားတို့သည် ချင်းပြည်နယ်၏ သင်္ကေတအဖြစ် သတ်မှတ်ထားသော အောက်ချင်းငှက်၏ အဓိပ္ပာယ်ဖြစ်သည့် သစ္စာရှိမှုနှင့် လေးနက်တည်ကြည်မှုကို အခြေတည်ကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ဆက်လက်ကြိုးပမ်း ပူးပေါင်းဆောင်ရွက်သွားမည်ကို အကြွင်းမဲ့ယုံကြည်ပါသည်။

၄။           ယနေ့အချိန်တွင် မြင်တွေ့ရသော နွေဦးတော်လှန်ရေးအောင်မြင်မှုသည် တိုင်းရင်းသားပြည်သူများအားလုံးနှင့်အတူ တော်လှန်ရေးအင်အားစုများအားလုံး၏ စုပေါင်းအားထုတ်မှု၊ စည်းလုံးညီညွတ်မှုနှင့် ကျရာတာဝန်များကို ကျေပွန်အောင်ဆောင်ရွက်နိုင်မှုတို့၏ ရလဒ်များကြောင့်ဖြစ်ပါသည်။ ချင်းတိုင်းရင်းသားများအနေဖြင့် အခြားသောညီနောင်တိုင်းရင်းသားများ၊ တော်လှန်ရေး အင်အားစုများအားလုံးနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် စုစည်းညီညွတ်မှုကိုအခြေတည်၍ အပြန်အလှန်နားလည်ယုံကြည်မှုများဖြင့် ရှေ့ဆက်ချီတက်ကြစေလိုကြောင်းကိုလည်း အလေးအနက် တိုက်တွန်းလိုပါသည်။

၅။           စစ်အာဏာရှင်ခေတ်အဆက်ဆက် ဒီမိုကရေစီခရီးလမ်းတစ်လျှောက်တွင် ပေးဆပ်ခဲ့ကြသော တိုင်းရင်းသားအာဇာနည်သူရဲကောင်းရဲဘော်အပေါင်းတို့အား ကျေးဇူးတင်အောက်မေ့ကာ မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် မပြီးဆုံးသေးသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး လမ်းခရီးတွင် ကြုံတွေ့လာမည့် စိန်ခေါ်မှု အခက်အခဲများကို ချင်းတိုင်းရင်းသားများ၊ ညီနောင်တိုင်းရင်းသားများ၊ တော်လှန်ရေးအင်အားစုများအားလုံးနှင့်အတူတကွ တွဲလက်ခိုင်ခိုင်ဖြင့် ရင်ဆိုင်ကျော်ဖြတ်သွားမည်ဖြစ်ကြောင်း ကတိပြုလျက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top