မူလ / အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်း (၃၆) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်း (၃၆) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်

၁။         ၁၉၈၉ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့တွင်  စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီစနစ် ပေါ်ထွန်းလာစေရန် အစဥ်တစိုက် ကြိုးစားဖော်ဆောင်ခဲ့သည်မှာ (၃၆) နှစ်တာ ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။   ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးနှင့်အတူ ပေါက်ဖွားဖြစ်တည်လာကာ တိုင်းရင်းသားလူမျိုး ပေါင်းစုံ စုစည်းပါဝင်မှုဖြင့် ယနေ့အချိန်ထိ ရည်ရွယ်ချက်များ တိကျခိုင်မာစွာဖြင့် ဒီမိုကရေစီ လုပ်ငန်းစဥ်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အတွက် ပြည်သူလူထု ကိုယ်စား ကျေးဇူးတင်ဂုဏ်ယူပါကြောင်း ဖော်ပြလိုပါသည်။

၂။          အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူလူထု၏ ထောက်ခံအားပေးမှုများဖြင့် တည်ရှိဖြစ်ပေါ်လာသော နိုင်ငံရေးဦးဆောင်မှု အဖွဲ့အစည်းတစ်ခုဖြစ်သည်နှင့်အညီ ခေတ် အဆက်ဆက် တော်လှန်ရေးတိုက်ပွဲများတွင် ပြည်သူလူထုနှင့် တစ်သားတည်း ရပ်တည်ကာ စစ်အာဏာရှင်စနစ်ဆိုးအား လက်မခံဘဲ ဒီမိုကရေစီစနစ်ပေါ်ထွန်းလာစေရန် ဦးတည် ကြိုးပမ်း လျက်ရှိပါသည်။ တိုင်းရင်းသားပြည်သူလူထုအားလုံးတို့ လိုလားတောင့်တလျက်ရှိသည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီးဆီသို့ လျှောက်လှမ်းရာခရီးလမ်းတွင် နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်  တော်လှန်ရေးအင်အားစုများအားလုံးတို့နှင့်အတူ တွဲလက် ညီညီ ပူးပေါင်းဆောင်ရွက်သွားမည်ကို အကြွင်းမဲ့ယုံကြည်ပါသည်။

၃။           စစ်အာဏာရှင်အဆက်ဆက်တို့သည် ဒီမိုကရေစီ၏အနှစ်သာရဖြစ်သည့် ပြည်သူ့ဆန္ဒ သဘောထားကို လေးစားတန်ဖိုးထားခြင်းမရှိဘဲ မျက်ကွယ်ပြုလျက် ၎င်းတို့ကိုယ်ကျိုးစီးပွား အတွက်သာကြံစည်လုပ်ဆောင်ခဲ့ကြရာ နိုင်ငံသည် အဘက်ဘက်မှ ပဋိပက္ခများစွာဖြင့် ပြည်သူ လူထုသည်လည်း စစ်ဘေးစစ်ဒဏ်များ ကြာရှည်စွာ ခံစားနေကြရပါသည်။ လက်ရှိကာလ နွေဦးတော်လှန်ရေးတိုက်ပွဲတွင်လည်း အကြမ်းဖက်စစ်အုပ်စုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီအဖွဲ့ဝင်များနှင့် အခြားနိုင်ငံရေးခေါင်းဆောင်ကြီးများအား ထောင်တွင်းအကျဥ်းချထားကာ အဖွဲ့ချုပ်အား ဖျက်သိမ်း သွားစေရန် အားထုတ်ကြိုးပမ်းမှုသည် လွန်စွာ ရှုတ်ချဖွယ်ကောင်းသည့် လုပ်ရပ်ဖြစ်ပါသည်။ အခက်အခဲ၊ အတားအဆီးများ မည်သို့ပင် ကြုံတွေ့နေစေကာမူ မှန်ကန်သော လုပ်ဆောင်မှုများ အား ရပ်တန့်မနေဘဲ ပြည်သူများနှင့် အတူတကွ ရှေ့ဆက်ချီတက်လျက်ရှိသည့်အတွက် လွန်စွာ ဝမ်းမြောက်ပီတိဖြစ်ရပါသည်။

၄။        အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံတွင် ဒီမိုကရေစီစနစ် ရရှိခံစားနိုင်စေရုံသာမက ယင်းစနစ်အား ပိုမိုခိုင်မာအားကောင်းလာစေရေးအတွက် ရည်ရွယ်ချက်ကောင်းများဖြင့် လုပ်ငန်းစဥ်များ ချမှတ်ဖော်ဆောင်လျက် နိုင်ငံရေးအောင်ပွဲအသီးသီးဖြင့် (၃၆) နှစ်တာ ခရီးလမ်းကို လျှောက်လှမ်းနိုင်ခဲ့သကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရှေ့ဆက်၍ နိုင်ငံနှင့် ပြည်သူ လူထုအကျိုးအတွက် ကိုယ်စွမ်း ဉာဏ်စွမ်း အပြည့်အဝဖြင့် ကြိုးစားထမ်းရွက်နိုင်ပါစေကြောင်းနှင့် ကမ္ဘာတည်သရွေ့ နိုင်ငံရေးအောင်မြင်မှုမှတ်တိုင်များ ဆက်လက်စိုက်ထူသွားနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဤသဝဏ်လွှာအား ဂုဏ်ယူ လေးစားစွာ ပေးပို့အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top