မူလ / ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ (၃၅) နှစ်မြောက်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ (၃၅) နှစ်မြောက်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၈ ရက်

၁။              မြန်မာနိုင်ငံ၌ တစ်ပါတီအာဏာရှင်စနစ် ဖြုတ်ချနိုင်ရေးနှင့် ဒီမိုကရေစီရရှိရေးတို့အတွက်  မြန်မာပြည်သူများအပေါ် နည်းလမ်းအမျိုးမျိုးဖြင့် လူမဆန်စွာ မတရားဖိနှိပ်အုပ်ချုပ်ခဲ့သည့် စစ်အာဏာရှင်များကို ညီညွတ်သော ကျောင်းသားလူထုလှုပ်ရှားမှုကြီးဖြင့် ဆန့်ကျင်တော်လှန် ခဲ့ကြသည့် ရှစ်လေးလုံးအရေးတော်ပုံကြီးသည် ယနေ့တွင် (၃၅) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကာ မော်ကွန်းတွင်သော ဒီမိုကရေစီလူထုလှုပ်ရှားမှု အရေးတော်ပုံကြီးအဖြစ် ယနေ့အထိ သမိုင်းပုံရိပ် ထင်ကျန်နေဆဲ ဖြစ်ပါသည်။

၂။              ၁၉၆၂ ခုနှစ်မှစ၍ စစ်အာဏာရှင်အုပ်စုများသည် နိုင်ငံတော်အာဏာကို ချုပ်ကိုင်ထားခဲ့ပြီး ပြည်သူလူထုအား ၎င်းတို့စိတ်ကြိုက် အနိုင်ကျင့်ဖိနှိပ်အုပ်ချုပ်နိုင်စေရန် စနစ်တကျ လုပ်ဆောင် ခဲ့ခြင်းကြောင့် ကျောင်းသားလူငယ်များနှင့် ပြည်သူလူထုတစ်ရပ်လုံးသည် နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တော်လှန်ခဲ့ရာ စစ်အာဏာရှင်များ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းများကိုလည်း များစွာ ခံစား ခဲ့ရပါသည်။ ထို့သို့ လူမဆန်သော ဖိနှိပ်မှုများကြားမှ အသက်ကိုပင် ပဓာနမထားဘဲ ဆန့်ကျင် တော်လှန်ခဲ့ကြသည့် စွန့်လွှတ်အနစ်နာခံခဲ့ကြသူများ၏ ရဲစွမ်းသတ္တိအား အနာဂတ် မျိုးဆက်သစ် များက သမိုင်းတစ်ခေတ်၏ စံနမူနာအဖြစ် ဂုဏ်ယူနေကြရသည်ကို ယနေ့ထိတိုင် တွေ့မြင်နေရဆဲ ဖြစ်ပါသည်။

၃။           ရှစ်လေးလုံးအရေးတော်ပုံမှတစ်ဆင့် ကျောင်းသားပြည်သူများ၏ နှလုံးသားထဲတွင် ကိန်းအောင်းနေသည်မှာ “အသက်ကိုပင် မဓာနမထားဘဲ ကိုယ်ကျိုးစီးပွား အားလုံးကို စွန့်လွှတ် တိုက်ပွဲဝင်မည်၊ မတရားမှုကို တော်လှန်မည်”ဆိုသည့် စိတ်ဓာတ်ဖြစ်ကာ စစ်အာဏာရှင်များက နည်းအမျိုးမျိုးဖြင့် မည်သို့ပင် စိတ်ဓာတ်ကို ရိုက်ချိုးရန် ကြိုးစားခဲ့သော်လည်း ကျောင်းသားလူငယ် များသည် တိုင်းပြည်နှင့်လူမျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ပေးဆပ်ဝံ့သည့် မြင့်မြတ်သော စိတ်ဓာတ်ကို ကိုင်စွဲကာ ယနေ့အချိန်အထိ ခိုင်ခိုင်မြဲမြဲ တိုက်ပွဲဝင်နေဆဲဖြစ်ပါသည်။

၄။           အကြမ်းဖက်စစ်အာဏာရှင်များက ဒီမိုကရေစီအရေး တိုက်ပွဲဝင်လျက်ရှိသော ပြည်သူ လူထု၏ အသက်ပေါင်းများစွာကို ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်နေသော်လည်း လွတ်လပ်မှုကို မြတ်နိုး တန်ဖိုးထားကြသည့် ပြည်သူလုထုများစွာက ဒီမိုကရေစီအောင်ပွဲသို့ ဦးတည်ကာ ဆက်လက် တိုက်ပွဲဝင်နေဆဲ ဖြစ်ပါသည်။  ခေတ်အဆက်ဆက်နှင့် ရှစ်လေးလုံးအရေးတော်ပုံတွင် အသက် ပေးဆပ်ခဲ့ကြသော ရဟန်းသံဃာများ၊ ကျောင်းသားလူငယ်များ၊ ပြည်သူများနှင့်တကွ နွေဦး တော်လှန်ရေး၏ အာဇာနည်သူရဲကောင်းအပေါင်းတို့အား ဤသဝဏ်လွှာဖြင့် ဝမ်းနည်းကြေကွဲစွာ ဦးညွှတ်အလေးပြုအပ်ပါသည်။

၅။           ရှစ်လေးလုံးလူထုအရေးတော်ပုံသည် စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ရေးအတွက် ညီညွတ်မှုအင်အားအမြင့်ဆုံးဖြင့် ဆန့်ကျင်ခဲ့ကြသည့် သမိုင်းဝင်လှုပ်ရှားမှုတစ်ခုဖြစ်ခဲ့ကာ ယနေ့ နွေဦးတော်လှန်ရေးတွင်လည်း မိမိတို့အားလုံးသည် လူထုအင်အား အခိုင်အမာဖြင့် အာဏာရှင် စနစ်ကို  အမြစ်ပြတ် ချေမှုန်းတိုက်ထုတ်ပြီး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်သွားနိုင်ရန် ခိုင်မာသော သန္နိဋ္ဌာန်ဖြင့် ရည်မှန်းလျှောက်လှမ်းလျက် ရှိပါသည်။ ရှစ်လေးလုံးအရေးတော်ပုံနှင့် နွေဦးတော်လှန်ရေးကဲ့သို့ မြန်မာဒီမိုကရေစီအရေး လှုပ်ရှားမှုများတွင် ပြည်သူလူထု၏ အသက်၊ သွေး၊ ချွေးနှင့် ဆုံးရှုံးနစ်နာမှုများ ရင်းနှီးခဲ့ကြရသည့် ပေးဆပ်မှုများသည် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများတွက် စစ်မှန်သော လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းတို့နှင့်အတူ ဒီမိုကရေစီ အသီးအပွင့်များ ခံစားနိုင်ရေးဖြစ်သည့်အတွက်  ယင်းရည်မှန်းချက် အောင်မြင်နိုင်ရေးအတွက် မိမိတို့ အားလုံးက ဆက်လက်တိုက်ပွဲဝင်သွားကြရမည် ဖြစ်ပါသည်။

၆။           ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးမှ စတင်ခဲ့သည့် မြန်မာနိုင်ငံ၌ စစ်အာဏာရှင်များ အပြီးတိုင်ကျဆုံးပြီး ဒီမိုကရေစီရှင်သန်ခိုင်မာရေး ရည်မှန်းချက်အား ယခုနွေဦးတော်လှန်ရေးဖြင့် အောင်မြင်စွာ ဆောင်ရွက်ပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေး ဘုံရည်မှန်းချက်အား အမြန်ဆုံးအကောင် အထည်ဖော်နိုင်ရန်  အတူတကွ ပူးပေါင်းတိုက်ပွဲဝင်သွား ကြ ရန် ထပ်မံတိုက်တွန်းအပ်ပါသည်။ ရှစ်လေးလုံး စိတ်ဓာတ်သည်လည်း မြန်မာ့ဒီမိုကရေစီ တိုက်ပွဲနှင့် အတူ ယနေ့အချိန်အထိ ခိုင်မာရှင်သန်နေဆဲဖြစ်သည်ကို အကြွင်းမဲ့ယုံကြည်လျက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top